စစ်ကိုင်း စက်တင်ဘာ ၂၆
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်မောင်းက အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမှာဖြစ်ကြောင်း၊ (၂၀၂၄- ၂၀၂၅) ဘဏ္ဍာနှစ်မှာ အသေးစား
စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းခေါင်းစဉ် အောက်မှ အမျိုးသမီးများ ဝင်ငွေတိုးရေးဆောင်ရွက်မည့် လုပ်ငန်းဖြင့်ဆောင်ရွက်သော သင်တန်းသူ (၁၅)ဦးဖြင့်ဖွင့်လှစ်ခဲ့သည့် အခြေခံနှင့်မွန်းမံ စက်ချုပ်နည်းပညာသင်တန်းမှ ထူးချွန်သင်တန်းသူ(၅)ဦးအားလည်းကောင်း၊ သင်တန်းသူ(၁၀)ဦးဖြင့် ဖွင့်လှစ်ခဲ့သည့် အခြေခံနှင့်မွန်းမံ လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းမှ ထူးချွန်သင်တန်းသူ(၅)ဦးအားလည်းကောင်း၊ လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးအပ်သွားမှာဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင် ပြီး မိမိတို့မိသားစု၊ ဒေသအကျိုး၊ နိုင်ငံ့အကျိုးသယ်ပိုးနိုင်တဲ့ လုပ်ငန်းရှင်ကြီးများ ဖြစ်အောင်ကြိုးစား သွားကြပါလို့ ပြောကြားခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသူများက လက်ခံပေးခဲ့ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)