ကလော စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ကလောမြို့ရပ်ကွက် (၃) ရှိ မဟာဆေးဝင်္ကဘာဘုန်းကြီးကျောင်းနှင့် ရပ်ကွက် (၁) ရှိ မဟာဓမ္မိကာရာမသိမ်တောင်ပရိယတ္တိစာသင်တိုက်တို့တွင် ယာယီနေထိုင်နေသည့် ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ရက်အဖွဲ့မှ ထောက်ပံ့လှူဒါန်းပွဲပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကမ္ဘောဇဘဏ်ဂရုမှ တာဝန်ရှိသူတစ်ဦးမှ လှူဒါန်းပေးရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းနှင့် အဖွဲ့ဝင်များ၊ ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ရက်အဖွဲ့တို့မှ ကလောမြို့ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ရေဘေးသင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် မဟာဆေးဝင်္ကဘာကျောင်းမှ ရေဘေးသင့်ပြည်သူ (၁၈၅) ဦးနှင့် မဟာဓမ္မိကာရာမသိမ်တောင်ကျောင်းမှ ရေဘေးသင့်ပြည်သူ (၁၁၅) ဦး၊ စုစုပေါင်း (၃၀၀) ဦးတို့အတွက် လူတစ်ဦးလျင် ဆန် (၁၂) ပြည်၊ ဆီ(၁)ပိဿာ၊ ခေါက်ဆွဲခြောက် (၁) ဖာ၊ ငါးသေတ္တာ(၅)ဘူး၊ ရေသန့်(၁)ကတ်၊ စောင် (၂) ထည်၊ မရွေး(၂)ထုပ်၊ ပဲကြာဇံ (၁) ထုပ်၊ ဘာလချောင်ကြော်(၁)ဘူး၊ ဆပ်ပြာမှုန့်(၁)ထုပ်၊ မိုးကာ (၁) ချပ်၊ ဒန်အိုး(၂)လုံး၊ ဒယ်အိုး(၁)လုံး၊ ဇွန်းသေး(၅)ချောင်း၊ ဇွန်းကြီး (၁) ချောင်းနှင့် ပန်းကန် (၅) ချပ်တို့အား ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)