ချမ်းအေးသာစံ စက်တင်ဘာ ၂၆
မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများတွင် ရေဘေးသင့်ခံခဲ့ရသည့် ပြည်သူများအား စေတနာရှင်အလှူရှင်များက ကူညီထောက်ပံ့ပေးအပ်လှူဒါန်းလျက်ရှိရာ ရေဘေးဒဏ်ခံခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI) မှ ကျောက်ဆည် ခရိုင်အတွင်း ရေဘေးသင့်ခံခဲ့ရသည့်နေရာများသို့ ယမန်နေ့က ကိုယ်တိုင်သွားရောက် ကူညီထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့ ကူညီထောက်ပံ့ ပေးအပ်လှူဒါန်းရာတွင် MRCCI အသင်းဥက္ကဋ္ဌ ဦးဝင်းဌေးနှင့်စီမံခန့်ခွဲရေးကော်မတီများ၊ ဗဟိုအလုပ်မှုဆောင်၊ အလုပ်အမှုဆောင်များ၊ အသင်းသူအသင်းသားများ၊ ညီနောင်အသင်းများ၊ ကုမ္ပဏီများမှ လှူဒါန်းခဲ့သည့်အလှူငွေများနှင့်အလှူပစ္စည်းများကို တာဝန်ရှိသူများက ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြရာ ကျောက်ဆည်မြို့နယ် အနောက်သာဂရကျေးရွာ အနီးမကျည်းတောကျေးရွာမှ အိမ်ထောင်စု ၂၆၄ စု၊ ကျောက်မာဆစ်ကျေးရွာမှ အိမ်ထောင်စု ၁၅၂ စု၊ အုတ်ဖိုစုကျေးရွာမှအိမ်ထောင်စု ၆၅ စု၊ ရှမ်းသူငယ်ကျေးရွာမှ အိမ်ထောင်စု ၁၈၀ စု(အိမ်ထောင်စု တစ်စုလျှင် ကူညီထောက်ပံ့ငွေ ၃၅၀၀၀ ကျပ်နှင့် ဆိုလာမီးသီး တစ်လုံး၊ စုစုပေါင်း အိမ်ထောင်စု ၆၆၁ စုအတွက် တန်ဖိုးငွေ ၂၁,၇၅၀,၀၀၀ကျပ်)၊ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းအတွက် လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေကျပ် ၇ သိန်းတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်