ကလော စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ (၂၅) ရက်နေ့နံနက် ၉ နာရီက ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလောမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးလင်းဇော်ထွေးက အဖွင့်အမှာ စကားပြောကြားရာတွင် စာရင်းစစ်၊ စာရင်းကောက်နှင့်ပတ်သက်၍ သန်းခေါင်စာရင်းဆိုင်ရာ အဓိက သဘောတရားများ၊ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများနဲ့ လက်တွေ့လေ့ကျင့်ခန်းများဖြင့် ဆွေးနွေးပို့ချမှာဖြစ်ပြီး အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဋိ အမေး၊ အဖြေများဖြင့်လည်း ထိရောက်လွယ်ကူသည့်နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ မူဝါဒများချမှတ်ဖို့အတွက် အရေးကြီးသော လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့် စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြစ် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပေးအပ်ထားတဲ့တာဝန်များကို မိမိတို့ရဲ့အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများနဲ့ ပေါင်းစပ်ပြီး သန်းခေါင်စာရင်းစစ်၊ စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းသို့ ခရိုင်၊ မြို့နယ်အဆင့် ဌာဆိုင်ရာများနှင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းသား၊ သင်တန်းသူ (၇၀) ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၁၆၅) ဦးနှင့် အရံစာရင်းစစ်၊ စာရင်းကောက် (၁၀) ဦး စုစုပေါင်း (၁၇၅) ဦးတို့ကို ကလောမြို့ green haven hotel၊ အောင်ပန်းမြို့ အ.ထ.က(၃)၊ ဟဲဟိုးမြို့ အ.ထ.က(၄)တို့တွင်လည်းကောင်း သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလ (၁၀) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)