ပေါက်ခေါင်း စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာ(၇)ရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၁၅၀ ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ယခုနှစ်ဇူလိုင်လမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆိုပါကျေးရွာ(၇)ရွာမှ ဒေသခံကျေးလက်ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော ကျေးရွာတွင်းလမ်းများအား အဆင့်မြှင့်တင်၍ မြေသားမြေနီလမ်းခင်းခြင်း၊ ဆိုလာစနစ်သုံးစိုက်ပျိုးရေနှင့် တွင်းနက်အဝီစိတွင်းတူးဖော်ခြင်းလုပ်ငန်းများနှင့် ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ခြင်း လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်လျက်ရှိပြီး၊ မြို့နယ်ကျေးလက်ဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများမှလည်း ယင်းကျေးရွာများသို့ မြေပြင်ကွင်းဆင်း၍ စီမံကိန်းနှင့်ပက်သက်၍ လုပ်ငန်းပိုင်းအရည်အသွေးပြည့်မီရေး၊ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံ၍ လိုအပ်သည့် ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ အဆိုပါကျေးရွာ(၇)ရွာရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးကျေးရွာတွင်း လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)