မိုင်းပျဉ်း စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ စာရင်းစစ်၊ စာရင်းကောက်သင်တန်း တက်ရောက်နေကြသော သင်တန်းသား ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံး သင်တန်းဖွင့်လှစ်ထားသောခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မိုင်းပျဉ်းမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို (၁၈-၉-၂၀၂၄)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ (၂၇-၉-၂၀၂၄)ရက်နေ့ထိ (၁၀)ရက်ကြာ ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ တက်ရောက်နေသော သင်တန်းသူ၊ သင်တန်းသား ဆရာ၊ ဆရာမများအား မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ တွေ့ဆုံကာ အားပေးစကားပြောကြားကြရာ သန်းခေါင်စာရင်းကောက်ယူမည့်ကာလ၌ အဆင်ပြေချောမွေ့စွာစာရင်းကောက်ယူနိုင်ရေးနှင့် သွားလာနေထိုင်စားသောက်ရေးများမှအစ ရပ်ကွက်/ကျေးရွာလူကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သ်တန်းသားဆရာ၊ ဆရာမများမှ တွေ့ကြုံနိုင်မည့် အခက်အခဲများကိုတင်ပြရာ မြို့နယ်ကော်မတီမှ လိုအပ်သူများ ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသို့ မိုင်းပျဉ်းမြို့နယ်မှ သင်သန်းသူ၊ သင်တန်းသား ဆရာ၊ ဆရာမ(၈၃)ဦး တက်ရောက်လျက်ရှိပြီး၊ (၂၈-၉-၂၀၂၄)ရက်နေ့တွင် သင်တန်းဆင်းပွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နန်းသန္တာဦး(ပြန်ဆက်)