အထက်မင်းလှ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာ ဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်စေရန်၊ လူငယ်များ အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များရင့်သန်လာစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်(၂)နာရီက မန်းသံပုရာကန် အခြေခံပညာအထက်တန်းကျောင်းခွဲကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဦးညွန့်ဝင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက Moderator အဖြစ်ဆောင်ရွက်ပြီး Grade-11၊ Grade-10 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈)ဦးက ဆွေးနွေးခဲ့ကြရာ Grade-11 ကျောင်းသား မောင်ပြည့်သုခက လူငယ်နှင့် အချိန်၏တန်ဖိုး၊ Grade-10 ကျောင်းသူ မကြည်စင်သန့်က လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ Grade-10 ကျောင်းသူ မခြူးခြူးခင်က လူငယ်နှင့်ခေါင်းဆောင်မှုကဏ္ဍ၊ Grade-9 ကျောင်းသားမောင်မင်းသုခက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade-9 ကျောင်းသားမောင်ဖြိုးသီဟကျော်က လူငယ်နှင့်ကြီးပွားရေး၊ Grade-9 ကျောင်းသား မောင်သက်ထူးအောင်က လူငယ်နှင့်သတ္တိ၊ Grade-9 ကျောင်းသူမယဥ်ယဥ်ဇော်မိုးက လူငယ်နှင့်ပညာရေး၊ Grade-9 ကျောင်းသူမဆုလဲ့ဝင်းက လူငယ်နှင့်အောင်မြင်ရေးပန်းတိုင် စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များအား မေးမြန်းဆွေးခဲ့ရာ ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)