တိုင်းဒေသကြီးဝန်ကြီးချုပ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ် စက်တင်ဘာ ၂၅

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားနည်း(၂၃)မျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမည့်အပြင် မသန်စွမ်းအားကစားနည်းကိုလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ စခန်းသွင်း လေ့ကျင့်လျက်ရှိပါကြောင်း၊ ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားနည်းများအလိုက် အားကစားမှူးများအား တာဝန်ပေးအပ်ထားပါကြောင်းနှင့် အားကစားနည်းများအလိုက် ပြိုင်ပွဲများပြုလုပ်၍ လူရွေးချယ်ခဲ့ပြီး အမျိုးသားအားကစားပွဲတော်တွင် အောင်မြင်မှုများ ရရှိစေရေး ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးချယ်ထားသည့် အားကစားသမားများကို စနစ်တကျဖိဖိစီးစီးလေ့ကျင့်သင်ကြားပေးနိုင်ပါက အောင်မြင်မှုများ ပိုမိုရရှိစေမည်ဖြစ်ပါကြောင်း၊ တစ်ဦးချင်းနှင့် အဖွဲ့လိုက်ကစားသည့် အားကစားနည်းများတွင်လည်း အောင်မြင်မှုများ ရရှိရေးအတွက် စုစည်းမှုအားကောင်းကောင်းဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်ပါကြောင်း၊ မကြာခင်ကာလ၌ ရေကူးပြိုင်ပွဲများကိုလည်း ကျင်းပမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်၍ အလားအလာကောင်းသည့် အားကစားသမားများ ပါဝင်ယှဉ်ပြိုင်နိုင်စေရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲတွင် အားကစားသမားများအား ၎င်းတို့ကျွမ်းကျင်ပိုင်နိုင်သည့် အားကစားနည်းများကိုသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် လိုအပ်သည့်နည်းပြတစ်ဦးချင်းစီကိုလည်း ထားရှိပေးရမည် ဖြစ်ပါကြောင်း၊ ကြက်တောင်အားကစားနည်းသည် တိုင်းဒေသကြီးအနေဖြင့် နိုင်ငံတကာပြိုင်ပွဲများအထိ အောင်မြင်မှုများရရှိခဲ့သကဲ့သို့ အခြားသောအားကစားနည်းလည်း အောင်မြင်မှုများ ရရှိသည်ကိုတွေ့ရပါကြောင်း၊ အချိန်ကာလအားဖြင့် အမျိုးသား အားကစားပွဲတော်ကျင်းပရန် နီးကပ်လာပြီဖြစ်ပြီး ယခုအချိန်ကတည်း ကြိုတင်၍ စုဖွဲ့မှုကောင်းကောင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်အောင်နိုင်ရေးနှင့် တိုင်းဒေသကြီးအားကစား အဆင့်အတန်းများ တိုးတက်မြင့်မားရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုပါ‌ကြောင်းအမှာစကားများ ပြောကြားသည်။

ထို့နောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများအား တာဝန်ခံများက မိမိတို့၏အားကစားနည်းအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အမျိုးသားအားကစား ပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို လည်းကောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ်လည်းကောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)