အင်းစိန်မြို့နယ် အမှတ်(၇)အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌  ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊  မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ အမှတ်(၇)အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍  ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားမုဒ်ဦးရှေ့၌ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဦး၊ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်၊ အင်းစိန်ခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာသင်းမာလာ၊ အင်းစိန်ခရိုင် မြို့မိ၊ မြို့ဖဦးအုန်းရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများသည် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပြိုင်ပွဲများတွင်ယှဉ်ပြိုင်နေသည့် ကျောင်းသား/သူလေးများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်စာအုပ်ပြပွဲများ၊ နံရံကပ်ဓာတ်ပုံပြပွဲများနှင့် ကျောင်းသားကျောင်းသူများ၏  လက်မှုပညာပြခန်းများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် အခမ်းအနားတွင် အင်းစိန်ခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများက  ပညာဘဏ်တိုက်စာကြည့်တိုက်သီချင်း၊  အလှဆုံးပန်းများပွင့်ကြသည်သီချင်းတို့ဖြင့် သီဆိုဖျော်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်က အမှာစကားဆက်လက်ပြောကြားသည်။ ယင်းနောက် အလှူငွေနှင့်စာအုပ်စာစောင်များလှူဒါန်း၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောသည့် ရုပ်ရှင်သရုပ်ဆောင်ကျော်ကျော်အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ရုပ်ရှင်သရုပ်ဆောင်ကျော်ကျော်က စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် စာပေဟောပြောပြီး အင်းစိန်မြို့နယ် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသူလေးများက ဂျိမ်းဖောသီချင်းနှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက လက်ပံပွင့်ကောက်သီချင်းတို့ဖြင့် ကပြဖျော်ဖြေကာပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)