ကြို့ပင်ကောက်မြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်လှစ်

ကြို့ပင်ကောက် စက်တင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ အမှတ်(၃၂)စက်မှုလယ်ယာစခန်းတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးပြည်သူ့အင်အားဦးစီးဌာနမှူးက အဖွင့်အမှာစကားပြောကြားပြီး သာယာဝတီခရိုင်၊ စက်မှုလယ်ယာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မြင့်က ယခုသင်တန်းဖွင့်လှစ်ရခြင်းမှာ တောင်သူများ လက်ဝယ်ရှိသော လယ်ယာသုံးစက်ကိရိယာများအား သက်တမ်းကြာကြာအသုံးပြုနိုင်ရေးနှင့် ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းနိုင်ရေး စိုက်ပျိုးရေးလယ်ယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်း စာနပ်ရိက္ခာ ဖူလုံပိုလျှံလာစေရန်နှင့် ပြည်ပပို့ကုန်တိုးတက်ထုတ်လုပ်နိုင်ရေးတို့ကိုရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူအသီးသီးက သင်တန်းအထောက်အကူပြု စာရေးကိရိယာများအား သင်တန်းသားများထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါသင်တန်းကို စက်တင်ဘာလ ၂၃ ရက်နေ့မှစ၍ အောက်တိုဘာလ ၄ ရက်နေ့အထိ သင်တန်းကာလ ၁၂ ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ စက်မှုကျွမ်းကျင်-၃ နှင့် စက်မောင်း-၃ ဝန်ထမ်းများက သင်တန်းသားတောင်သူ(၃၀)ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြာင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးဌေးကျော်ဝင်းထံမှ သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)