ပုဇွန်တောင် စက်တင်ဘာ ၁၉
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီက ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးရှိ တေဇခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပုဇွန်တောင်မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်ရန် အရေးကြီးသည့် လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ အောက်တိုဘာ (၁)ရက်နေ့မှစတင်၍ ကောက်ယူသွားမှာ ဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးအနက်ထားသတ်မှတ်၍ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေးအတွက်လည်း အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးမိုးကျော်သူညွန့်က မြို့နယ်အတွင်း ရပ်ကွက်များအလိုက်စာရင်း ကောက်ယူရမည့်ကောက်ကွက်များ၊ သင်တန်းနှင့် ပတ်သက်လိုက်နာရမည့် စည်းကမ်းများ၊ လုပ်ဆောင်ရမည့်တာဝန်များအား ရှင်းလင်းဆွေးနွေး၍ သင်တန်းသားများထံသို့ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း(၅၇)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို စက်တင်ဘာ ၁၇ ရက်မှ ၂၈ ရက်နေ့ထိ စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်