မြန်မာနိုင်ငံရုက္ခဗေဒအသင်း ( အထက်မြန်မာပြည်) ဆရာကန်တော့ပွဲကို အွန်လိုင်းမှတစ်ဆင့် ကျင်းပသွားမည်

 

မန္တလေး နိုဝင်ဘာလ ၁၅

လက်ရှိကာလသည် ကိုဗစ်−၁၉ ရောဂါဖြစ်ပွာနေသည့်အချိန်ဖြစ်သဖြင့် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန် ရည်ရွယ်၏ မြန်မာနိုင်ငံရုက္ခဗေဒအသင်း ( အထက်မြန်မာပြည်)မှ ဆရာကန်တော့ပွဲကို အွန်လိုင်းမှ တစ်ဆင့်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

" ဆရာ၊ဆရာမကြီးတွေကို ၂နှစ်တစ်ကြိမ် ကန်တော့လာခဲ့တာက ဒီနှစ်ကလည်း ၂၀၂၀ပြည့်ဆိုတော့ ၂နှစ်လာပြီးဆုံတဲ့အချိန်ပေါ့။ ဒီဇင်ဘာလကျ ကန်တော့ရမယ်ဆိုတဲ့ ပုံမှန်အစဉ်လာလေးရှိပါတယ်။ အဲဒီအစဉ်လာကို မပျက်မကွက်ချင်တာရယ် ပြီးတော့ ဒီလိုအချိန်မျိုးမှာ ဆရာကြီး၊ ဆရာမကြီးတွေကလည်း အိမ်ထဲမှာဘဲနေကြရတယ်။ ရောဂါတွေက ပေါတော့ ဘယ်မှ မသွားနိုင်ကြဘူး။ အကုန်လုံးက စိတ်ညစ်ပင်ပန်းနေကြတယ်။ ဒါတွေကိုလည်း ဖြေဖျောက်တဲ့အနေနဲ့ ဆရာကန်တော့ပွဲကို အတူတကွကျင်းပချင်တယ်။ ခက်တာက ကိုဗစ်ဆိုတဲ့ရောဂါကြီးနဲ့ကြောင့် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရတဲ့အတွက် ဆရာ၊ဆရာမကြီးတွေ ဒီကိုလာဖို့လည်း မလွယ်ဘူး။ လူစုလူဝေးနဲ့ လုပ်ဖို့လည်းမလွယ်ဘူး။ ဒါကြောင့်မို့ ကျောင်းသားဟောင်းတွေ အားလုံးတိုင်ပင်ပြီး အစီလာမပျက် ကန်တော့မယ်။ အွန်လိုင်းစနစ်နဲ့ကန်တော့မယ်။ Zoom Meeting ကနေ ကန်တော့မယ်။ ဆရာကြီးတွေ ဆရာမကြီးကိုလည်း ကျောင်းသူကျောင်းသားဟောင်းတွေ လာတက်တဲ့သူတွေကို တွေ့ရမယ်။ ပြီးတော့ သူတို့အားလုံးလည်း အိမ်ထဲမှာနေပေမယ့် ကျွန်တော်တို့နဲ့ ရင်ဘတ်ချင်း ထိတွေ့ပြီးနီးနေမယ့် သဘောမျိုးဖြစ်စေချင်တဲ့အတွက် အခုလို စီစဉ်လိုက်တာဖြစ်ပါတယ်။" ဟု မြန်မာနိုင်ငံရုက္ခဗေဒအသင်း ( အထက်မြန်မာပြည်) ဥက္ကဋ္ဌ ဦးလှဖုန်းကျော်က ပြောသည်။

အဆိုပါ ဆရာကန်တော့ပွဲအတွက် ငွေကြေးကောက်ခြင်းကိုလည်း လူကိုယ်တိုင်သွားလာခြင်းများ မပြုလုပ်နိုင်သည့်အတွက် Bank နှင့် Wave Moneyများမှ တဆင့် ငွေလွှဲပို့ပေးသော စနစ်ကို စီစဉ်ထားကြောင်း၊ နယ်တွင်ရှိသော ကျောင်းသား၊ကျောင်းသူဟောင်းများ ဖတ်ကြားခြင်းကိုလည်း Facebook၊ Messanger Groupများ၊ မြန်မာနိုင်ငံရုက္ခဗေဒအသင်း ( အထက်မြန်မာပြည်)၏ Pageနှင့် မီဒီယာများမှ တစ်ဆင့်အသိပေး အကြောင်းကြားခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

" မန္တလေးမှာတော့ ကျန်းမာရေးရဲ့လမ်းညွှန်ချက်တွေနဲ့ညီအောင် ကျယ်ဝန်းတဲ့နေရာတစ်ခုကို ဆွေးနွေးပြီးတော့ ကြေညာပါ့မယ်။ လူဦးရေ ၃၀ထက်မပိုအောင် စီစဉ်ရမှာပါ။ ဆရာကြီးတွေ ဆရာမကြီးတွေကိုယ်စား နာယက ဆရာကြီးတွေ ဆရာမကြီးတွေကို ဖိတ်ပြီး စင်မြင့်ပေါ်မှာ ၆ပေကွာပြီး ဂါဝရပြု ကန်တော့နိုင်အောင် လုပ်ပါ့မယ်။ နယ်မှာရှိတဲ့ ဆရာကြီးတွေ၊ ဆရာမကြီးတွေကိုတော့ Zoom Media က ချိတ်ဆက်ပြီး LEDဘုတ်နဲ့ လုပ်ထားပါမယ်။ နယ်မှာရှိတဲ့ ဆရာကြီးတွေ ဆရာမကြီးတွေက ဩဝါဒပေးချင်တာတွေရှိရင် ပေးလို့ရပါတယ်။ ကျောင်းသူကျောင်းသားတွေကလည်း Zoom Mediaကနေ ချိတ်ဆက်ပြီး ကန်တော့လို့ရအောင် စီစဉ်ပေးပါ့မယ်။ ကန်တော့ငွေတွေကို Banking စနစ်နဲ့ လုပ်မယ်။ ကန်တော့ဖို့ ပစ္စည်းတွေကိုလည်း Delivery စနစ်နဲ့ပို့ပြီး ကန်တော့ဖို့ ဆုံးဖြတ်ထားပါတယ်။ Pageတွေမှာ Messanger ဂရုတွေ Accountတွေမှာရော Zoom Media နဲ့ချိတ်ဆက်မယ့် ID Noကို တင်ပေးပါ့မယ်။ " ဟု ရုက္ခဗေဒ ကျောင်းသာဟောင်း ဦးကိုကိုလွင်က ပြောသည်။

အထက်မြန်မာပြည်ရုက္ခဗေဒအသင်းကြီးပေါ်ပေါက်ပြီးနောက် ယခုသည် ပထမဆုံးဆရာကန်တော့ပွဲဖြစ်ပြီး ယခင်က "တက္ကသိုလ်များ မန္တလေး "ဆိုပြီး မန္တလေးရှိ တက္ကသိုလ်တွေ ပူးပေါင်းပြီး ဆရာကန်တော့ပွဲ ကျင်းပခဲ့သည်မှာ ၇ ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရုက္ခဗေဒအသင်း ( အထက်မြန်မာပြည်)ကို ၂၀၁၈ ခုနှစ်တွင် တရားဝင်ဖွဲ့စည်းခဲ့ပြီး အသင်း၏ ရည်ရွယ်ချက်များမှာ အသင်းဝင်များ၏ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်၊ ရုက္ခဗေဒဘာသာရပ်ဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်းပြည်ပရုက္ခဗေဒဘာသာရပ် အပါအဝင် နှီးနှော ဘာသာရပ်များဖြင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန်၊နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် သဘာဝပတ်ဝန်း စိမ်းလန်းစိုပြေ ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်