ဆော နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း(၁၀၀)အထက် တည်ဆောက်ရေးလုပ်ငန်းများ၏ ပစ္စည်းတင်ဒါ၊ လုပ်ငန်းတင်ဒါ လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ (Open Tender) ဖွင့်ပွဲအခမ်းအနားကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်း၊ ဂန့်ဂေါခရိုင် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဉာဏ်ဦး၊ တင်ဒါစိစစ်ရေးနှင့် လက်ခံရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဆောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လမ်း၊ တံတား၊ ရေမြောင်းနှင့် အဆောက်အဦး လုပ်ငန်းတင်ဒါ(၅)ခုနှင့် လမ်း/တံတားလုပ်ငန်းများ အတွက် လိုအပ်သော လုပ်ငန်းခွင်သုံးပစ္စည်းတင်ဒါ (၄)ခုတို့အား ပွင့်လင်းမြင်သာစွာ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ရှိသူများက ဖွင့်ဖောက်စီစစ်ခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)