ဖားကန့်၌ နိုင်ငံတော်မှ ထောက်ပံ့ငွေအား အခြေခံပြည်သူများ အားလုံးရရှိရေး ခွဲဝေပေး

 

ဖားကန့်           နိုဝင်ဘာ          

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ စတုတ္ထအကြိမ် နိုင်ငံတော်မှ ထောက်ပံ့ငွေပေးသည့်အပေါ် အခြေခံပြည်သူများအားလုံးရရှိရေး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖ များက ယမန်နေ့က အချိုးကျခွဲဝေပေးနေရကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် Stay at Home ကြေညာထားသည့် ဖားကန့်မြို့နယ်တွင် နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံပြည်သူများအတွက် တစ်အိမ်ထောင် ငွေကျပ်လေးသောင်းနှုန်းဖြင့် အိမ်ထောင်စု (၅၂၃၆၁)စုအား ထောက်ပံ့ပေးခဲ့သော်လည်း မြို့နယ်တွင်း အခြေခံပြည်သူစာရင်းမှာ ထောက်ပံ့ပေးသည့် စာရင်းထက် များပြားနေခဲ့ပြီး ပြည်သူများက ထောက်ပံ့ငွေရရှိရေး တောင်းဆိုမှုများ ရှိခဲ့သည်။

လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာတွင် အိမ်ထောင်စုပေါင်း(၁၇၉၃)စုရှိပြီး နိုင်ငံတော်မှ အိမ်ထောင်စုပေါင်း(၁၁၆၅) စုသာ ပေးသည့်အတွက် ယနေ့အချိန်ထိ ထောက်ပံ့ငွေတစ်ကြိမ်တစ်ခါမှ မရဘူးသူ(၆၂၀)ပါ Stay at Home ကာလတွင် ရရှိရေးအတွက် အိမ်ထောင်စုအားလုံးကို တစ်အိမ်ထောင်(၂၆၀၀၀)ကျပ်နှုန်းဖြင့် အညီအမျှခွဲဝေလျက်ရှိသည်။

အလားတူ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၌ ခွဲတမ်းအရ အိမ်ထောင်စု (၅၀၅)စုသာ ထောက်ပံ့ငွေကျပ် လေးသောင်းရရှိသည်ဖြစ်ရာ ယခုအချိန် အမှန်တကယ်ခက်ခဲသူများပါ ရရှိရေးအတွက် တစ်အိမ်ထောင် နှစ်သောင်းနှုန်းဖြင့် အိမ်ထောင်စု(၁၀၁၀)စုကို ခွဲဝေပေးလျက်ရှိနေသည်။ နေရာဒေသအလိုက် အိမ်ထောင်စု အနည်းအများအလိုက် ခွဲတမ်းရရှိမှုပေါ်မူတည်ပြီး ထပ်မံခွဲဝေနေရသည့်အတွက် အချို့ရပ်ကွက်/ ကျေးရွာများတွင် ထောက်ပံ့ငွေရရှိပုံ မတူညီကြ ကြောင်း သိရသည်။ ထောက်ပံ့ငွေလာရောက် ထုတ်ယူသူ တစ်ဦးဖြစ်သည့် မရှီကထောင်ရပ်ကွက်မှ ဒေါ်ဆိုင်းပန်က "နှစ်သောင်းစီ ခွဲပေးတာ ကျေနပ်ပါတယ်၊ ခုချိန်က အားလုံးခက်ခဲနေကြတော့ နှစ်သောင်းဆိုလည်း နှစ်သောင်းပေါ့"ဟု ဆိုသည်။

ဆိပ်မူကျေးရွာအုပ်စု၌ နိုင်ငံတော်မှ ထောက်ပံ့ငွေ လေးသောင်းကျပ် အပြည့်ရချင်သူများနှင့် အချိုးကျခွဲဝေရလိုသူများအား ညှိနှိုင်းဆောင်ရွက်ပေးရ မှုများရှိကြောင်း ဆိပ်မူကျေးရွာရာအိမ်မှူးရုံးမှ သိရသည်။ နိုင်ငံတော်မှ ထောက်ပံ့မှုများသည် ဧပြီလက ပထမဆုံးအကြိမ် ဆန်၊ ဆီ စသည့် ရိက္ခာငါးမျိုးဝေသည့် စာရင်းကို အခြေခံထားသည့်အတွက် ဖားကန့်မြို့နယ်၏ လက်ရှိမြေပြင် အခြေအနေနှင့် ကိုက်ညီမှု မရှိတော့ဘဲ ပြည်သူများ၏ အထင်အမြင်လွဲမှားမှုကို ရင်ဆိုင်ရကြောင်း ကျေးရွာတာဝန်ခံအချို့က ပြောသည်။

တာလင်းမောင်(ပြန်/ဆက်)