မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း အခြေခံလူတန်းစားများအား စားဝတ်နေရေးအဆင်ပြေစေရန် (၆) ကြိမ်မြောက် ထောက်ပံ့

 

မအူပင် နိုဝင်ဘာ ၁၅

 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင်ကိုဗစ်-၁၉ ကာလအတွင်း အခြေခံ လူတန်းစားများ အလုပ်အကိုင် အခွင့်အလမ်းရှားပါးချိန်တွင် မိသားစုအလိုက် စားဝတ်နေရေးအဆင်ပြေရန် အတွက် နိုင်ငံတော်မှထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိရာ မအူပင်မြို့နယ် တွင် အခြေခံပြည်သူများအတွက် (၆)ကြိမ်မြောက်အဖစ် အမှတ်(၇)ရပ်ကွက်၊ ဓမ္မသုခစာရီကျောင်းတိုက်နှင့် ရပ်ကွက်ကျေးရွာများကို တာဝန်ရှိသူများက ယမန်နေ့က စတင်ထောက်ပံ့ငွေများ ပေးအပ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် ထောက်ပံ့ငွေပေးအပ်ရာတွင် မအူပင်မြို့နယ် အနေဖြင့် ကိုဗစ်-၁၉ ကာလတွင် Stay at Home သတ်မှတ်ခံရသည့် မြို့နယ် (၃)မြို့နယ်အတွင်း ပါဝင်သဖြင့် တစ်အိမ်ထောင်လျှင်(၄၀၀၀၀) လေးသောင်းကျပ် ထောက်ပံ့ပေးမည်ဖြစ်ပြီး Stay at Home မပါဝင်သော မြို့နယ်များအား တစ်အိမ်ထောင်လျှင် (၂၀၀၀၀) နှစ်သောင်းကျပ်နှုန်း ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည် ။

 မအူပင်မြို့နယ်အနေဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု ၈၈ အုပ်စု အခြေခံလူတန်းစားအိမ်ထောင်စု အတွက် (၁၇၆၁၃၂၀၀၀၀) တစ်သောင်းခုနှစ်ထောင့်ခြောက်ရာ တစ်ဆယ့်သုံးသိန်းနှစ်သောင်းကျပ် ထောက်ပံ့မှု ရရှိခဲ့ပြီး ထောက်ပံ့မှုအိမ်ထောင်စုစာရင်းများသည် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ကာလအတွင်း စတင်က ပစ္စည်း ၅ မျိုးနှင့် ငွေသားများထောက်ပံ့မှုရရှိခဲ့သော အိမ်ထောင်စုများစာရင်းအား ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်းနှင့် ထပ်မံကောက်ယူထားသည့် အိမ်ထောင်စုများမပါသေးကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

    

အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)