ပွင့်ဖြူ နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ကံလှကျေးရွာ ၊ ဇီးကျွန်းကျေးရွာနှင့် ကျောင်းစုကျေးရွာတို့တွင် ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့သည့်အတွက် မြစ်ကမ်းပါးနှင့်နီးစပ်သည့် လူနေအိမ်များအား ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ကံလှကျေးရွာတွင် လူနေအိမ်(၁၀)လုံး ၊ ကျောင်းစုကျေးရွာတွင် လူနေအိမ်(၅)လုံး ၊ ဇီးကျွန်းကျေးရွာတွင် လူနေအိမ်(၁)လုံး ၊ စုစုပေါင်း လူနေအိမ်(၁၆)လုံး အား ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ရကြောင်း သိရကာ အဆိုပါ လူနေအိမ်များ ပြောင်းရွှေ့ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ဦးဆောင်သော ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် ဝန်ထမ်းများ ၊ မြို့နယ်မီးသတ် ဦးစီးမှူးနှင့် ဝန်ထမ်းများ ၊ ကုန်းဇောင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ချက်ချင်းကွင်းဆင်းသွားရောက်ပြီး ဒေသခံပြည်သူများ ၊ အနီးဝန်းကျင်ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ရပ်မိရပ်ဖများနှင့် အတူ နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့ခြင်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကမ်းပါးပြိုကျမှုများ အခြေအနေ များကို လိုက်လံကြည့်ရှု စစ်ဆေးကာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ကမ်းပါးပြို ဘေးသင့်သည့် အိမ်ထောင်စုဝင်များအား သောက်ရေသန့်ဗူးများနှင့် မုန့်များ ဝေငှပေးခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများက ကမ်းပါးပြိုကျမှုဖြစ်ပွား သည့်ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာခွဲတာဝန်ခံများ ၊ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ကမ်းပါးပြိုကျမှုအခြေအနေအား ဆက်လက်စောင့်ကြည့်၍ ဂရုတစ်စိုက်နေထိုင်သွားကြရန်နှင့် ထူးခြားမှု အခြေအနေရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့သွားရန်ဆွေးနွေးမှာကြားကာ ပြောင်းရွှေ့ရန် ကျန်ရှိ သည့် လူနေအိမ်(၁၂)လုံးအား ထိခိုက်ဆုံးရှုံးမှုမဖြစ်ပေါ် စေရေးအတွက် နက်ဖြန်နံနက်တွင် ဘေးလွတ်ရာသို့ ချက်ချင်းပြောင်းရွှေ့ရန် အိမ်ထောင်ဦးစီးများအား ဆွေးနွေးမှာကြား ခဲ့သည်။
အဆိုပါ ကမ်းပါးပြိုသည့်ကျေးရွာများမှ လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရာတွင် အခက်အခဲ မဖြစ်စေရေးအတွက် မော်တော်ယာဉ်(၇)စီးအား ပွင့်ဖြူမြို့နယ်ကံလှကျေးရွာ ဘုန်းတော်ကြီးကျောင်း ဝန်းအနီးတွင် အသင့်အနေအထား စီစဉ်ဆောင်ရွက်ထားရှိပေးခဲ့ကြောင်းနှင့် မြစ်ကမ်းပါးပြိုကျမှု ကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )