ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာများတွင် သောက်သုံးရေသန့်ရှင်းမှု စမ်းသပ်စစ်ဆေး

 

ကန့်ဘလူ နိုဝင်ဘာ ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၉၆ ရွာအနက်မှ ကျေးရွာ ၃၂ ရွာတွင် ကျေးလက်နေ ပြည်သူများ နေ့စဉ်သောက်သုံးလျက်ရှိသည့် အများသုံးနေရာများမှ ရေနမူနာများကိုရယူကာ နိုဝင်ဘာလ ဆန်းပိုင်းကစတင်၍ စမ်းသပ်စစ်ဆေးပေးလျက်ရှိကြောင်းသိရသည်။

 ထိုသို့စမ်းသပ်စစ်ဆေးရာတွင်  ဒေသခံပြည်သူများ၏ နေ့စဉ်သောက်သုံးလျက်ရှိသော ရေထွက်ပင်ရင်းများမှ ရေနမူနာကိုရယူပြီး ရေထဲတွင် လူနှင့်တိရစ္ဆာန်များ၏ အညစ်အကြေးပါဝင်မှုနှင့် အီကိုလိုင်ဗက်တီးရီးယားပိုး ပါဝင်မှု ရှိ၊ မရှိကိုသိရှိနိုင်ရန်  Ecoli Test Kit ဖြင့် စစ်ဆေးပေးခြင်းဖြစ်ပြီး အီကိုလိုင်ပိုးပါဝင်မှုရှိပါက ဝမ်းပျက် ဝမ်းလျှောနှင့်အခြားရောဂါများဖြစ်ပွားနိုင်သည့်အတွက် သောက်သုံး ရန် သင့်၊ မသင့် သိရှိနိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု အန္တရာယ်မှ ကာကွယ်နိုင်ရန် စစ်ဆေးခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်ထွန်းအောင် က ပြောကြားသည်။

ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသများတွင် သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရေးအတွက် တွင်းတိမ်၊ တွင်းနက်၊ လက်တူးတွင်း၊ မြေသားရေကန်များ၊ အခြားရေရရှိနိုင်မည့် နည်းလမ်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ ဆည်ရင်းကုန်း၊သလဲဦး၊ ကျောက်ဆည်ကန်၊ ယမနေ၊ ဇာဒီ၊ ချောင်းကန်၊ ဘုတ်ကုန်း၊ ညောင်ကိုင်း၊ ကြခတ်အိုက်၊ဝက်သအင်း၊ ဇီးကနား၊ပေါက်ဆိန်ကုန်း၊ မယ်ဇတော၊ ခအုံးတာ၊ငှက်ပျောတိုင်း၊ပဇီကြီး၊လေးတွင်းစဉ်၊ဝက်တိုး၊သင်ပေါင်းကျင်း၊ပုဏ္ဏားကြီး၊တည်ပင်(ပင့်သာ)၊ချောင်းခြားနှင့်တပ်ကုန်းကျေးရွာများမှအသုံးပြုလျက်ရှိ သည့် ရေထွက်ပင်ရင်းများ၏ ရေများကိုစမ်းသပ်စစ်ဆေးပေးခဲ့ပြီး ကျန်ကျေးရွာများကိုလည်း သောက်သုံးရေသန့်ရှင်းမှုကို ဆက်လက်စစ်ဆေး စမ်းသပ် သွားမည် ဖြစ်ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)