ကျိုက်သလ္လံစေတီတော်မြတ်ကြီးအား သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် မျက်နှာကျက်တော် ဆက်ကပ် လှူဒါန်းပွဲကျင်းပ

 

မော်လမြိုင်       နိုဝင်ဘာ           ၁၅

မွန်ပြည်နယ် မော်လမြိုင်မြို့၏ ကျက်သရေဆောင် သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး အား သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် မျက်နှာကျက်တော် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါစေတီတော်မြတ်ကြီးရင်ပြင်တော်၌ ကျင်းပသည်။

ရှေးဦးစွာ ပင့်ဆရာတော် သံဃာတော်များနှင့် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မော်လမြိုင်မြို့ သာသနာ့မာရ်အောင် ဝဲပျံစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက (မဟာဂန္တဝါစက ပဏ္ဍိတ) ဘဒ္ဒန္တနန္ဒဝံသထံမှ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ကျိုက်သလ္လံစေတီတော်မြတ်ကြီးအား ဆက်ကပ်လှူဒါန်းမည့် သင်္ကန်း(၇)စုံ တို့ကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများတို့က ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ မော်လမြိုင်မြို့ သာသနာ့မာရ်အောင် ဝဲပျံစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက (မဟာဂန္တဝါစက ပဏ္ဍိတ) ဘဒ္ဒန္တနန္ဒဝံသထံမှ အနုမောဒနာတရားတော်မြတ်ကို နာယူကြည်ညိုကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတို့သည် စေတီတော်မြတ်ကြီး၏ အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်နှင့်  မြောက် ဘက်ဝတ်ရှိ ဗုဒ္ဓဆင်းတုတော်များ၏ မျက်နှာကျက်တော်များကို ဆက်ကပ်လှူဒါန်းပြီး ကျိုက်သလ္လံစေတီ တော်မြတ်ကြီးအား သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)