ငါ့သရောက်မြို့ မြေပဲစိုက်တောင်သူများ ဈေးကောင်းရရှိရန်မျှော်လင့်

 

ငါ့သရောက် နိုဝင်ဘာ ၁၅

ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ရှိ မြေပဲစိုက်တောင်သူများသည် ယခုအချိန်၌ လေးလမြေပဲများ စတင် နှုတ်ဖော်ခြွေယူလျက်ရှိရာ ဈေးကွက်အတွင်းပိုမိုတင်ပို့နိုင်ရန်နှင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက် ရှိကြောင်း ငါ့သရောက်မြို့နယ် မြေပဲစိုက်တောင်သူများထံမှ သိရသည်။

ငါ့သရောက်မြို့နယ်တွင် ယခင်နှစ်က လေးလမြေပဲအဆန်တစ်ပိဿာကို ဒေသပေါက်ဈေး ၂၅၀၀ ကျပ်မှ  ၂၉၀၀ကျပ် အထိရောင်းချကြရပြီး ယခုနှစ်လေးလမြေပဲမှာ ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ယခင်နှစ်ထက် အရောင်းအဝယ်အေးပြီး ဝယ်လက်များမှ မြေပဲအဆန်တစ်ပိဿာကို ၂၅၀၀ကျပ် ဝန်းကျင်သာပေးဝယ် ကြကြောင်း၊ နှုတ်ဖော်ခြွေယူပြီးသည့် မြေပဲဆန်များအားလုံး ရောင်းချနိုင်ရန်နှင့် ယခင်နှစ်များကဲ့သို့ မြေပဲဈေးကောင်းရရှိရန် မြေပဲစိုက်တောင်သူများ မျှော်လင့်လျက်ရှိကြောင်း ငါ့သရောက်မြို့၊ ညောင်ကြီး ကျေးရွာမှ မြေပဲစိုက်တောင်သ ူဦးမြမောင်ထံမှ သိရသည်။

မြေပဲသီးနှံကိုအဓိထားလုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းမှုပြုရသည့် ငါ့သရောက်မြို့နယ်ရှိ တောင်သူများ အနေဖြင့် ယာခင်းထွက်သီးနှံများကို ပခုက္ကူ၊ မြင်းခြံနှင့် ညောင်ဦးမြို့များသို့ သွားရောက်ရောင်းချကြရကြောင်း၊ လက်ရှိပေါ်နေတဲ့ လေးလပဲမျိုးများကို မကြာခင် ပြန်လည်စိုက်ပျိုးတော့မှာဖြစ်ပြီး လာမည့်နှစ်မတ်လခန့်တွင် မြေပဲစတင်ပေါ်မည်ဖြစ်ကြောင်း၊ ခြောက်လမြေပဲခေါ်(ပဲကြီး)မျိုးမှာ လာမည့်ဒီဇင်ဘာလခန့်တွင် စတင်ပေါ်မည် ဖြစ်ကြောင်းသိရသည်။

ဖေလိန်း(ပုဂံ)