စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေကို အထောက်အကူဖြစ်စေမည့် မြေအောက်ရေတွင်း (၄၀)တွင်း တူးဖော် ပေးသွားမည်

 

မုံရွာ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေကို အထောက်အကူဖြစ်စေမည့် မြေအောက်ရေတွင်း (၄၀)တွင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် တူးဖော်ပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)မှ တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းမြင့်ထံမှ သိရသည်။

“အခုဘဏ္ဍာရေးနှစ်မှာတော့ ဆည်ရေသောက်စနစ်နဲ့ စိုက်တဲ့နေရာတွေဖြစ်ပေမဲ့ ဆည်ရေအလုံ အလောက်မရရှိတဲ့နေရာတွေ စိုက်ပျိုးရေ ရရှိဖို့ အခက်အခဲရှိတဲ့နေရာတွေကို ဦးစားပေးတူးဖော် ပေးတာဖြစ်ပါတယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ငွေလုံးငွေရင်းရန်ပုံငွေကနေ အကုန်အကျခံ တူးဖော် ပေးသွားမှာ ဖြစ်ပါတယ် “ ဟု စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်) မှ တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းမြင့်က ပြောသည်။

စိုက်ပျိုးရေအထောက်အကူပြု မြေအောက်ရေတွင်းများ တူးဖော်ပေးမည့် အစီအစဉ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုခရိုင် အတွင်း (၄)လက်မ(၁၀)တွင်းအား လည်းကောင်း၊ ကလေးခရိုင် ကလေးမြို့နယ်အတွင်း (၄)လက်မတွင်း(၁၀)တွင်းအား လည်းကောင်း၊ မင်းကင်းမြို့နယ်အတွင်း (၄)လက်မတွင်း (၂၀)တွင်းအား လည်းကောင်း ယခုဘဏ္ဍာရေးနှစ်အတွင်း တူးဖော်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုဘဏ္ဍာရေးနှစ်အတွင်း တူးဖော်ပေးမည့် မြေအောက် ရေတွင်းများသည် စိုက်ပျိုးရေရရှိရန် အမှန်တကယ် လိုအပ်လျက်ရှိသော နေရာများတွင် လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 ဝင်းဦး(ဇေယျာတိုင်း)