သဲကုန်း၊ နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့အတည်ပြုလူနာ (၄၈) ဦးရှိခဲ့ရာ နောက်ဆုံးကျန်ရှိသည့် (၆) ဦးမှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယနေ့နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပိုးတွေ့လူနာ(၆)ဦးတို့သည် နိုဝင်ဘာ ၆ ရက်နေ့မှစ၍ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံအတွင်းရှိ သံဃာဆောင်တွင် သီးသန့်ထားရှိပြီး ဆေးကုသဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ်ကာလ (၁၀) ရက်ပြည့်မြောက်သည့် အချိန်တွင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် တိုင်းဒေသကြီး ကိုဗစ်ကုသရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခြင်းဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါ(၆)ဦးအား တာဝန်ရှိသူတစ်ဦးမှ ရောဂါပျောက်ကင်းကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး Stay Home နေရမည့် စည်းကမ်းချက်များအား ဖတ်ပြရှင်းလင်းခဲ့ကာ သဲကုန်းမြို့ ပရဟိတနာရေးကူညီမှုအသင်းကားဖြင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးခဲ့သည်။
သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၄၈)ဦးရှိခဲ့ရာ ပိုးတွေ့လူနာ(၄၈)ဦးလုံးမှာ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သဖြင့် ယခုအခါသဲကုန်းမြို့နယ်တွင် ပိုးတွေ့လူနာမရှိတော့ကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်း ပြန်/ဆက်)