သီပေါမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ် အရ စိုက်ပျိုးသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းနှင့် မိုးစပါးစံကွက် ရိတ်သိမ်း

သီပေါ  နိုဝင်ဘာ  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ၊မန်ဟဲကျေးရွာအုပ်စု ၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာဖြစ်သော နားခဲကျေးရွာရှိ တောင်သူဦးထွန်းမြတ်၏စိုက်ခင်းတွင် ကိုဗစ်−၁၉ စီးပွားရေးကုစားမှု(CERP)အရစိုက်ပျိုးသောမိုးစပါး(RS-CS)မျိုးစေ့ထုတ် စိုက်ခင်းနှင့်DU12မျိုး မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းမှုတွင် တစ်ဧကလျှင် အစိုပျှမ်းမျှအထွက်နှုန်း (၁၄၄.၅၃) တင်း ထွက်ရှိ ကြောင်းသိရပြီး စပါးမျိုးစေ့ထုတ် လုပ်ရာတွင် မျိုးသန့်စပါးများရရှိရေးအတွက် အပင်ပွားစည်းချိန်၊ အနှံထွက်ပန်းပွင့်ချိန် ၊ ရင်မှည့်ချိန်ကာလများတွင် မျိုးကွဲနုတ်ပယ်ကြရပြီး ခရိုင်မျိုးစေ့တာဝန်ခံ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြရာတွင် မျိုးစေ့ထုတ်စိုက်ခင်းစံချိန်စံညွှန်းနှင့် ကိုက်ညီကြောင်း၊ ထွက်ရှိလာသောစပါးမျိုးစေ့များကို မျိုးစေ့သန့်စင်စက်ဖြင့် သန့်စင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးထွန်းမင်းဦးကပြောကြားခဲ့သည်။

မိုးစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ရိတ်သိမ်းခြင်းတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာနဦးစီးမှူး နှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ နားခဲကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ ၊ အနီးအနား ပတ်ဝန်းကျင်မှတောင်သူများ တက်ရောက် ခဲ့ကြကြောင်းသိရသည်။

 

ခင်လေး(သီပေါ၊ပြန်/ဆက်)