ဝန်းသိုမြို့နယ် အောင်းပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် သိန်း ၅၁၀ ပြန်လည် ထုတ်ချေး

ဝန်းသို နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများ ဆင်းရဲ မှုလျော့ချ ရေးလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် မြစိမ်း ရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း(၃၅)ရွာ ယူနစ် ပေါင်း(၂၁) ယူနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က အောင်းပင် ကျေးရွာ၌ ဆဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်း အခမ်းအနားကို ကျင်းပပြု လုပ်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက စီမံကိန်းချေးငွေဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ အတိုး ရငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာဖြင့် အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး စသည့်စီမံကိန်းအကြောင်းအရာများကို အကျဉ်း ချုပ်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများ ကျေးရွာ ရန်ပုံငွေကြီးကြပ်မှုကော်မတီများက စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ(၂)ဦးနှင့် မွေးမြူ ရေးလုပ်ငန်း ဆောင်ရွက်ရန် တောင်သူ(၆၇)ဦး၊ စုစုပေါင်းတောင်သူ (၆၉)ဦးထံသို့ ချေးငွေကျပ်သိန်း ၅၁၀ကို ကိုဗစ်-၁၉ ကာလ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)