နောင်ချို နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ခြေမြစ်ပင်ကျန်းမာရေးစစ်ဆေးစခန်းတွင် ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးမှုများကို အောက်တိုဘာ ၃ ရက်နေ့မှစ၍ စစ်ဆေးခဲ့ရာတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့သူ များလာသည့်အတွက် ၎င်း Positive လူနာများ ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်သည် ရှမ်းပြည်နယ်၏ အဝင်တံခါးမြို့တစ်မြို့ဖြစ်ပြီး မိမိတို့ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၏ ဦးဆောင်မှုဖြင့် ရောဂါပိုး ရှိ /မရှိ Test Kitဖြင့်စစ်ဆေးမှုများကို အောက်တိုဘာ ၃ ရက်နေ့မှနိုဝင်လာ ၁၃ ရက်နေ့အထိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း (၇၅၃၃) ဦးကိုစစ်ဆေးခဲ့ရာ ပိုးတွေ့ရှိသူ (၉)ဦးရှိလာပြီ ဖြစ်ကြောင်း၊ ၎င်းပိုးတွေ့လူနာများကို နောင်ချိုမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသပေးခြင်း၊ နေထိုင်မှုအတွက် ပြင်ဆင်ပေးခြင်း၊အစာအာဟာရပြည့်ဝစွာ ကျွေးမွေးခြင်းတို့ဆောင်ရွက်ပေးကာ ကျန်းမာရေး ကောင်းမွန်ပြီး (၁၀) ရက်ပြည့်သောအခါ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း၊ ပိုးတွေ့လူနာများနှင့်အတူလိုက်ပါလာသော ပိုးတွေ့ လူနာနှင့် ထိတွေ့သူများ ကို နောင်ချိုမြို့အထက(၁) Quarantine Centre ထားရှိကြောင်း၊ ယခုထက် ပိုးတွေ့လူနာများ ပြားလာပါက ၎င်းလူနာများအား ထားရှိနိုင်ရန်၊ စောင့်ရှောက်နိုင်ရန်၊ လုံခြုံရေးဆောင်ရွက် ပေးနိုင်ရန် ကိုဗစ်-၁၉ ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် စီစဉ်ဆောင် ရွက်ရမှာဖြစ်ကြောင်း ဆွေးနွေး ခဲ့ကြသည်။
၎င်းနောက် မြို့နယ်လမ်းဦးစီးဌာန မိသားစုက ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေ ကျပ် ၆၄၀၀၀၀ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို-ပြန်ဆက်)