မိတ္ထီလာ နိုဝင်ဘာလ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာ (၂၀) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်နှင့် မြို့ပြကွာဟမှုများ ကျဉ်းမြောင်းစေရန်၊ ကျေးလက်နေ ပြည်သူများ ခေါင်းဆောင်မှု တိုးတက် လာစေရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ကျေးရွာတစ်ရွာလျှင် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ထောက်ပံ့ပေးပြီး ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဒေသခံ ပြည်သူများမှ ပူးပေါင်း၍ မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်စီမံချက် ရေးဆွဲပြီး ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် နှစ်စဉ် မြို့နယ်အတွင်းရှိ ကျေးရွာများကို ရွေးချယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာ(၂၀)ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါစီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာ၊ သောက်သုံးရေအဆင်မပြေသည့် ကျေးရွာများဖြစ်ပြီး ကျေးရွာလူထုမှလည်း အမှန်တကယ် ပူးပေါင်း ဆောင်ရွက်လိုသည့် ကျေးရွာများကို အဓိက ရွေးချယ်ဆောင်ရွက်လျက်ရှိသည်။
မိတ္ထီလာမြို့နယ်တွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေ ကျပ်သိန်း (၁၀၀) ထောက်ပံ့ပေးပြီး ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ ၄၃ ရွာကို အကောင်အထည် ဖော်ဆောင် ရွက်နိုင်ခဲ့ ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ် ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)