ဂန့်ဂေါမြို့နယ်အတွင်း ဆင်းသုခစပါး အထွက်နှုန်းခန့်မှန်းနိုင်ရန် စံကွက်ရိတ်သိမ်း

ဂန့်ဂေါ နိုဝင်ဘာ ၁၄

ဂန့်ဂေါမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်၏ ထောက်ပံ့မှုအရ စိုက်ပျိုး ဆောင်ရွက်လျက်ရှိသော ဆင်းသုခစပါး မျိုးစေ့ထုတ်စိုက်ခင်းများတွင် အထွက်နှုန်းခန့်မှန်းနိုင်ရန် စံကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဂန့်ဂေါမြို့နယ် ကန်ကျေးရွာရှိ တောင်သူ ဦးမြို့သန်းနှင့် ဦးမျိုးလွင်ဦးတို့၏ ဆင်းသုခစပါး မျိုးစေ့ထုတ်စိုက်ခင်းတွင် နိုဝင်ဘာလ ၁၂ ရက်က စံကွက်ရိတ်သိမ်းရာ  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်သီတာစိုးနှင့် ဂန့်ဂေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကန်ကျေးရွာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ဇော်မင်းနှင့် တောင်သူများ စုပေါင်း ရိတ်သိမ်းခဲ့ကြပြီး အနီးပတ်ဝန်းကျင် လယ်များမှ တောင်သူများ လာရောက်လေ့လာကြသည်။

တောင်သူနှစ်ဦး၏ မျိုးစေ့ထုတ်စိုက်ခင်းကို စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် အစိုအထွက်နှုန်း (၈၅.၉၄)တင်းနှင့် (၉၃.၇၅)တင်းနှုန်း အသီးသီးထွက်ရှိကြောင်းနှင့် စပါးမျိုးစေ့ ထုတ်လုပ်ရာတွင် မျိုးသန့်စပါးများ ရရှိရေးအတွက် အပင်ပွားစည်းချိန်၊ အနှံထွက်ပန်းပွင့်ချိန်နှင့် ရင့်မှည့်ချိန် ကာလများတွင် မျိုးကွဲနုတ်ပယ်ကြရပြီး ခရိုင်မျိုးစေ့တာဝန်ခံနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးကာ မျိုးကွဲနှင့် ဆန်နီပေါင်းမြက်၊ ရောဂါရအနှံများ ကင်းစင်မှသာ ရိတ်သိမ်းကြခြင်း ဖြစ်ကြောင်း သိရသည်။

တောင်သားမောင်သန်း