ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှပြည်သူများအား စတုတ္ထအကြိမ် ထောက်ပံ့လှူဒါန်း

တောင်ကြီး  နိုဝင်ဘာ  ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည် ကမ္ဘောဇဘဏ်၏ လှူဒါန်းငွေကျပ်သိန်းပေါင်း (၁၇၂၀ဝိ/-) အပါအဝင် အများပြည်သူ လှူဒါန်းငွေများဖြင့် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားပေါင်းစုံနေထိုင်ရာ ဒေသများသာမက၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ လိုအပ်သည်နေရာ များသို့ စားနပ်ရိက္ခာများနှင့် အလှူငွေများကို ထပ်မံလှူဒါန်းလျက်ရှိရာ စတုတ္ထအကြိမ်ထပ်မံ လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၊ ဘောဇနဆောင်၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လှူဒါန်းပွဲတွင် ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်က လှူဒါန်းရသည့်အကြောင်းနှင့် ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်လတ်တလောပိုးတွေ့လူနာများ၊ ကျန်းမာရေးဝန်ထမ်းများအတွက်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများကို နေရာအရောက် စဉ်ဆက်မပြတ် နေ့စဉ်ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အလှူငွေများပေးအပ်ရာတွင် ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်နှင့်ကော်မတီအဖွဲ့ဝင်များက ရှမ်းပြည်နယ်မှ ရန်ကုန်မြို့သို့ ကိုရိုနာ ဗိုင်းရပ်စ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် သွားရောက်ကူညီ အားဖြည့်ကြမည့် ဆရာဝန်ကြီးများနှင့် သူနာပြု ဆရာမများအတွက် ထောက်ပံ့လှူဒါန်း ငွေသားကျပ်(၉၂)သိန်းအား ရှမ်းပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာ ချစ်တင်ကလည်းကောင်း၊ ကလောမြို့နယ် နန့်ပန်တက်ကျေးရွာ စစ်ဆေးရေးဂိတ်အတွက် ထောက်ပံ့လှူဒါန်းငွေသား ကျပ်သိန်း(၃၀)အား ကလောမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကျော်စန်းယုက လည်းကောင်း လက်ခံရယူခဲ့ကြသည်။

ထို့နောက် ထောက်ပံ့လှူဒါန်းပေးမှုများအတွက် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်၊ ကလောမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်စန်းယုနှင့် ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်တို့က ကျေးဇူးတင်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပွဲသို့ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဦးသန်းထိုက်၊ ကလော မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်စန်းယုနှင့် ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်တို့က တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)