တိုက်ကြီးမြို့နယ်တွင် ဆီဘောက်ဆာကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲ ထိုးကျ

တိုက်ကြီး  နိုဝင်ဘာ  ၁၃

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဂျိုးဖြူကျေးရွာအနီး ရန်ကုန်- ပြည်ကားလမ်းပေါ်တွင် ယမန်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က ဆီဘောက်ဆာကားတစ်စီး တိမ်း မှောက်နေကြောင်း သတင်းအရ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဦး ဦးဆောင်သော တပ်ဖွဲ့ဝင်(၈)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ရေသယ်ယာဉ်(၁)စီးတို့သည် အခင်း ဖြစ်ပွားရာ နေရာသို့ သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တိုက်ကြီးမှ ဥက္ကံဘက်သို့ မောင်းနှင်လာသော ဂါလံ(၃၂၀၀)ဆန့် ဒီဇယ်ဆီ ဘောက်ဆာ ခေါင်းဖြူကိုယ်ထည်ခဲ ရောင် (၈)ဘီးကားသည် တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည် ကားလမ်း ဂျိုးဖြူကျေးရွာကွေ့ တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲထိုးကျကာ တိမ်း မှောက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါလူများ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း မြို့နယ် မီးသတ် ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဦး ထံမှ သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)