တိုက်ကြီး နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ကြေးငွေများကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် ပူးပေါင်းကာ အိမ်တိုင်ရာ ရောက် ထောက်ပံ့ ပေးအပ်လျက်ရှိသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်စန်းကလျာခိုင်၊ မီးနင်းကံကုန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းကို နှင့် ရာအိမ်မှူး ဆယ်အိမ်မှူးများ ပါဝင်သော အဖွဲ့တို့သည် မီးနင်းကံကုန်း ကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၈၀)စုအတွက် တစ် အိမ်ထောင်လျှင် ထောက်ပံ့ကြေးငွေ (၄၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၇၂၀၀၀၀၀/-)တို့ကို အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၄၀၃၀၉) စု အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတော်မှထောက်ပံ့ကြေးငွေ စုစုပေါင်း (၁၆၁၂၃၆၀၀၀၀/-)ကျပ်အား ထပ်မံထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)