သန်လျင် နိုဝင်ဘာ ၁၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာ ပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း ရွိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီက ဗိုလ်ချုပ်နေဝင်းလမ်းနှင့် မြို့မဈေးကြီးတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဌာနစိတ်မှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လုမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ သန်လျင်မြို့နယ်အတွင်း လူစည်းကားရာ မြို့မဈေးအရှေ့ ဗိုလ်ချုပ်နေဝင်းလမ်းနှင့် မြို့မဈေးကြီးအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးအသိပေးခြင်းနှင့် ပါးစပ် နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးကာ နှာခေါင်းစည်းမပါသူများအား နှာခေါင်းစည်း Mask များ အခမဲ့ပေးပြီး ချက်ခြင်းတပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုများဖြစ်ပေါ်နေပြီး လူသေဆုံးမှုများလည်း ဖြစ်ပွားနေသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှု လျော့နည်းစေရေးအတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက် များအတိုင်း လိုက်နာဆောင်ရွက်ရေးနှင့် မြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ကာ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်မှု အထောက်အကူပြုကော်မတီများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူ များနှင့် ပြည်သူများက ဝိုင်းဝန်းပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)