မော်လမြိုင် နိုဝင်ဘာ ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ်ဆောင်သို့ ယမန်နေ့ ညပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်လာသောနေရပ်ပြန် ကျား(၄၅)ဦးနှင့် မ(၂၅)ဦး စုစုပေါင်း (၇၀)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။
ထိုသို့ Quarantine ဝင်ရောက်လာသောနေရပ်ပြန်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီးဗိုလ်မှုးကြီး နေထွဋ်ဦး၊ မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမြင့်၊မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးဝန်ထမ်းများ၊ CBFQ ကွပ်ကဲရေးစခန်းမှတာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တို့က နွေးထွေးစွာကြိုဆိုကြပြီး အဖျားတိုင်းခြင်း၊ စာရင်းသွင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ ပို့ဆောင်ပေးခြင်း၊ စားရေးသောက်ရေးစီစဉ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးခဲ့သည်။
Quarantine ဝင်ရောက်လာသူများကို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ ထားရှိပြီးအာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့အားရယူ၍ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု ရှိ/မရှိ စစ်ဆေးသွားမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်တွင် ကျန်းမာရေး စစ်ဆေးမှုတစ်ကြိမ် ဆောင်ရွက်ပေးကာ ၁၄ရက်ထားရှိပြီး ရောဂါပိုးမတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။
မေလ(၁)ရက်နေ့မှယနေ့အထိ ပြည်ပနိုင်ငံအသီးသီးမှနေရပ်ပြန်လာသူပေါင်း (၁၆၁၀၀) ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။
စမ်းစမ်းနွယ်