ဘားအံ နိုဝင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ထူးချွန်သင်ဆရာ၊ဆရာမများ၊ အောင်ချက်ကောင်း သောကျောင်း၊ မြို့နယ်နှင့် လူရည်ချွန် များအား ဂုဏ်ပြု ဆုချီးမြှင့်သည့် အခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်က အဖွင့်အမှာ စကား ပြောကြားပြီး ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးဦးငွေစိုးက ဂုဏ်ပြုဆုများ ချီးမြှင့်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ပြည်နယ်လူမှုရေးဝန်ကြီး၊ ဘားအံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာသန်းသန်းမြင့်၊ ပြည်နယ်ပညာရေးညွှန်ကြား ရေးမှူးတို့က ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သောကျောင်းသား၊ကျောင်းသူများ၊ ထူးချွန် သင်ဆရာ၊ဆရာမများ၊ အောင်ချက်ကောင်းသောကျောင်း၊ မြို့နယ်နှင့် လူရည်ချွန်ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြသည်။
ကရင်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူ ၂၀၆၅၂ ဦးဝင်ရောက် ဖြေဆိုခဲ့ပြီး ၂၈ ဒသမ ၅၀ ရာခိုင်နှုန်း ၅၈၈၆ ဦးအောင်မြင်ခဲ့ကာ ဂုဏ်ထူး ရရှိသူစုစုပေါင်း ၉၂၁ ဦးရှိကြောင်း နှင့် ကိုဗစ် ၁၉ ပြည်တွင်းကူးစက်မှုများရှိနေသည့်အတွက် ဂုဏ်ပြု ဆုချီးမြှင့်ပွဲကို အကျဉ်းချုံးကျင်းပခဲ့ခြင်းဖြစ်ပြီး မြို့နယ်အလိုက် ဂုဏ်ပြုဆုများ ချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)