မုံရွာ နိုဝင်ဘာ ၁၃
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် အပူပိုင်းဇုန်အတွင်းသို့ ကျရောက်လျက်ရှိသော မြို့နယ် (၁၇)မြို့နယ်တွင် ထင်းသုံးစွဲမှုလျော့ချနိုင်ရေး ကျေးရွာ(၁၇)ရွာအား ထင်းအစား အခြား လောင်စာသုံးစွဲရေး စံပြကျေးရွာများအဖြစ် တည်ထောင်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦး ထံမှ သိရသည်။
“အပူပိုင်းဇုန်ထဲ ကျရောက်နေတဲ့ဒေသတွေ ပြန်လည်စိမ်းလန်းစိုပြည်လာစေဖို့ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်ပေးနေတဲ့ နေရာမှာ ထင်းသုံးစွဲမှုကို အဓိကလျော့ချနိုင်တဲ့ စံပြကျေးရွာတွေကို ဘဏ္ဍာရေးနှစ် အလိုက် တည်ထောင်ပေးတာကလည်း နည်းလမ်းတစ်ခု ဖြစ်တယ်၊ တစ်မြို့နယ်ကို စံပြကျေးရွာ(၁)ရွာနှုန်းနဲ့ ဖော်ဆောင်ပေးမှာဖြစ်တယ်၊ ထင်းအစားအခြား လောင်စာ သုံးစွဲရေးစံပြကျေးရွာတွေမှာ အသိပညာ ဟောပြောပွဲလုပ်ပြီး စွမ်းအားမြှင့်မီးဖိုတွေ အခမဲ့ဖြန့်ဝေပေးတဲ့ အစီအစဉ်တွေပါမယ်၊ စိုက်ပျိုးခင်းတွေက ထွက်ရှိတဲ့ စွန့်ပစ်အမှိုက်တွေကို လောင်စာအဖြစ်သုံးစွဲဖို့ အသိပညာပေးတာတွေ လုပ်ဆောင်ပေးတယ်၊ ကျေးရွာပိုင်ထင်း စိုက်ခင်းတွေ တည်ထောင်ပေးတယ်၊ ကိုယ့်ခြံဝင်း၊စိုက်ခင်းဘေး တွေမှာစိုက်ဖို့ သစ်ပင်တွေ ဖြန့်ဝေပေးမဲ့ အစီအစဉ်တွေပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦးက ပြောကြားသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အပူပိုင်းဇုန်အတွင်းကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး အတွင်း စစ်ကိုင်းခရိုင် အတွင်းရှိ မြို့နယ်(၃)မြို့နယ်တွင် ကျေးရွာ(၃)ရွာအားလည်းကောင်း၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်တွင် ကျေးရွာ(၄)ရွာအားလည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့နယ်တွင် ကျေးရွာ(၃)ရွာအားလည်းကောင်း၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ် (၇)မြို့နယ်တွင် ကျေးရွာ(၇)ရွာအား လည်းကောင်း ထင်းအစားအခြားလောင်စာသုံးစွဲသည့် စံပြကျေးရွာများအဖြစ် တည်ထောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)