ရွှေကူ နိုဝင်ဘာ ၁၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များအား ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါ ရှိ/မရှိ စစ်ဆေးခဲ့ရာ မန္တလေး−ရွှေကူ−ဗန်းမော် ပြေးဆွဲလျှက်ရှိသော ၆ ဘီး ကုန်တင်ယာဉ်(၂)စီးမှ ယာဉ်မောင်း မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံ မြို့နယ်နေသူနှင့် မဟာအောင်မြေမြို့နယ်နေသူ အမျိုးသား(၂)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
ကိုဗစ်−၁၉ရောဂါပိုးတွေ့ရှိသူ ယာဉ်မောင်း(၂)ဦးအား ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း၊ ၎င်းနှင့်အတူပါလာသည့် ယာဉ်နောက်လိုက် (၂)ဦးအား ရွှေကူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ Facility Quarantine Centre တွင် ထားရှိဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှစ်ဦးနှင့် ဆက်စပ်လျှက်ရှိသောသူများကို သီးခြားကန့်သတ် ဆောင်ရွက်ထားရှိကာ ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ ထပ်မံစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ ယနေ့အထိ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၄)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်အရေးပေါ်တုန့်ပြန် ရေးကော်မတီထံမှ သိရှိရသည်။
မြို့နယ်ပြန်/ဆက်