ပင်လည်ဘူးမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံ​ငွေစီမံကိန်း (VRFP)ဖြင့်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကွင်းဆင်းစစ်ဆေး

ပင်လည်ဘူး နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး  ကောလင်းခရိုင် ပင်လည်ဘူးမြို့နယ်​ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ အလုပ် အကိုင်များ အဆင်ပြေစေရန် ကျေးရွာ (၉) ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိရာ ပန်းခူးကျေးရွာတွင်(Type-2)ငွေကျပ် သိန်း(၂၀၀)ဖြင့် ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့် စာရင်းဇယားများအား ယမန်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့်ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ​ကိုပေါင်းစပ် ညှိနှိုင်း​ဆောင်ရွက်​ခဲ့‌ကြကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် အိမ်ခြေ(၈၈) အိမ်ရှိပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင် ဆောင်ရွက်ကြကာ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူ(၁၃)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူ(၁၂)ဦးနှင့်အခြား ကုန်ရောင်းကုန်ဝယ် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူ(၄)ဦး စုစုပေါင်း (၂၉)ဦးရှိပြီး လုပ်ငန်းများအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပင်လည်ဘူးမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) လုပ်ငန်းတွင် (Type-1)၊ (Type-2)၊ (Type-3) အပိုင်းများခွဲ၍ ဆောင်ရွက်ထားရှိပြီး (Type-1)တွင် ငွေကျပ်သိန်း(၃၀၀)ဖြင့်ကျေးရွာ (၅)ရွာ၊ (Type-2)တွင် ငွေကျပ်သိန်း (၂၀၀)ဖြင့် ကျေးရွာ(၃)ရွာ၊ (Type-3)တွင် ငွေကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာ (၁)ရွာ စုစုပေါင်းကျေးရွာ (၉)ရွာတို့တွင် ကျေးရွာမတည် ရန်ပုံငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ကြကြောင်း၊ အဆိုပါ စီမံကိန်းလုပ်ငန်းများမှာ အောင်မြင်ပြီး လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသူများ အဆင်ပြေလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မျိုးလွင်(ပင်လည်ဘူး)