ပခုက္ကူမြို့နယ်အတွင်း စိုက်ပျိုးဧက ၈၀၀ ကျော် အကျိုးပြုမည့် ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ပခုက္ကူ  နိုဝင်ဘာ ၁၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာတန်ဖိုးကွင်းဆက်(CFAVC)စီမံကိန်းဖြင့် ပခုက္ကူမြို့နယ်၊ ရွှေတန့် တစ်ကျေးရွာတွင် စိုက်ပျိုးဧကပေါင်း ၈၀၀ကျော်အကျိုးပြုဖြစ်ထွန်းစေမည့် ကျေးရွာကုန်ထုတ်လမ်းရာနှုန်းပြည့် ဖောက်လုပ်ပြီးစီးမှုအခြေအနေတို့ကို နိုဝင်ဘာ ၁၃ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးအောင် ကြည်နှင့် ဝန်ထမ်းများက  ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်၊ ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်း ဆိုင်ရာတန်ဖိုးကွင်းဆက် (CFAVC)စီမံကိန်း ရန်ပုံငွေကျပ်(၂၄)သန်းဖြင့် လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်ကျေးရွာတွင် အရှည် ၃၉၆၀ပေ၊ အကျယ် ၁၀ပေ၊ ထု တစ်ပေ ကိုးလက်မရှိသည့် (ကျောက်ရောမြေ၊ မြေနီကျောက်စရစ်ခင်း) ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြရာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူး ဦးတင့်ဝေ၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်နှင့်ဝန်ထမ်းများ၊ လုပ်ငန်း တာဝန်ယူဆောင်ရွက်သည့် မုဒုံမောင်မောင်ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာတို့က လုပ်ငန်းစံချိန်စံညွှန်းအရည်အသွေးများနှင့် ကိုက်ညီစွာ ဆောင်ရွက်ပြီးစီးမှုနှင့်စပ်လျဉ်း၍ စာရင်းဇယားများ၊လုပ်ငန်းအသေးစိတ် အချက်အလက် များကို  ရှင်းလင်း တင်ပြကြ သည်။

ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာတန်ဖိုးကွင်းဆက်စီမံကိန်း (Climate Friendly Agribusiness Value Chain Sector Project  – CFAVC)သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)  ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအစီအစဉ် (GAFSP) တို့ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းရာနှုန်းပြည့် ပြီးစီးခြင်းကြောင့် ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်ကျေးရွာရှိ တောင်သူ(၁၂၁)ဦး၏ လယ်ယာစိုက်ပျိုးမြေဧက၈၀၀ကျော်မှ  ထွက်ရှိလာသည့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ထုတ်ကုန်၊ ထွက်ကုန်များကို ဈေးကွက် အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်ရေးအတွက် အကျိုးပြုစေမည့် ကျေးရွာကုန်ထုတ် လမ်းတစ်ခု ဖြစ်ကြောင်း ပခုက္ကူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်ဝေက ပြောကြားသည်။                                                                                   

ဆလိုင်းကိုကီး