တွံတေး နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်ညီနောင်အသင်းများမှ ပူးပေါင်း ဆောင်ရွက်သည့် မြို့နယ်များအတွင်း လှည့်လည်ရောင်းချသော စျေးကားအစီအစဉ်ကို ယနေ့ နံနက်ပိုင်းက အုန်းပင်စုရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်းမကြီးရှိ၊ အ.ထ.က(၁)ကျောင်းရှေ့၌ လာရောက်ရောင်းချခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွှန်မှုအရ ကိုဗစ်-၁၉ ကာလအတွင်း မိမိတို့နေအိမ်မှ ဝေးကွာသောဈေးများသို့ သွားရောက်ဝယ်ယူရသည့်အတွက် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး ၊သန့်ရှင်း လတ်ဆတ်သောသား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင်ရေးတို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့်မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ ညီနောင် လုပ်ငန်းရှင်အသင်းများမှ Mobile market ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကားများဖြင့် ရပ်ကွက်များ အတွင်းလာရောက် ဈေးရောင်းချပေးရာသို့ တွံတေးမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးနိုင်ဝင်းဆွေ နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိနှင့်စျေးကော်မတီများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီဈေး ရောင်းဈေး ဝယ်ကြစေရေးတို့အတွက် သွားရောက်ကြည့်ရှုခဲ့ကြသည်။
ဈေးလာဝယ်သူ တစ်ဦးကလည်း "ယခုလို သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီး ဟင်းရွက်နဲ့ သားငါး များကို တွံတေး အထိ လာရောင်းပေးတဲ့အတွက် ဝယ်ရတာတော်တော်အဆင်ပြေပါတယ်၊ တစ်ပတ်ကို နှစ်ကြိမ်လောက် လာရောင်းပေး နိုင်မယ်ဆိုရင် ပြည်သူ့တွေစျေးသက်သာပြီး၊ လက်ဆတ်တဲ့ အသား/ငါး/ဟင်းသီးဟင်းရွက်တွေ စားသုံးနိုင်မှာပါဟု" အုန်းပင်စုရပ်ကွက်မှ စျေးဝယ်သူဒေါ်တင်ဦးကပြောပါတယ်။
ယခုကဲ့သို့ဟင်းသီးဟင်းရွက်၊ သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များ မြို့နယ်များအရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် လှည့်လည် ရောင်းချပေးမှုအား အလှည့်ကျဆက်လက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)