ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုတို့အား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်နိုင်ရေး ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများထံထောက်ပံ့ငွေများပေးအပ်

ကြို့ပင်ကောက် နိုဝင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များမှပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု တို့အတွက် နိုင်ငံတော်မှ(စတုတ္ထ)အကြိမ် ထောက်ပံ့သော ထောက်ပံ့ငွေ (၂၀၀၀၀)ကျပ်စီအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမအတွင်းပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟ‌ဇော်က ယခုအခြေခံလူတန်းစားများအားထောက်ပံ့ ပေးအပ်သော (စတုတ္ထ)အကြိမ် ထောက်ပံ့ငွေများကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားရာကာလ အတွင်း ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ယခင် ကထောက်ပံ့ ပေးအပ်ခဲ့ချိန်များတွင်နာလည်မှုလွဲသော ပြဿနာလေး များရှိခဲ့ကြောင်း ထို့ကြောင့် သက်ဆိုင်ရာတာဝန်ခံ ဌာနဆိုင်ရာအကြီးအကဲများမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားပြီး ကျေးရွာအုပ်စု (၁၄)အုပ်စုမှ အိမ်ထောင်စု(၄၁၈၆)စုအတွက်၊ ထောက်ပံ့ငွေကျပ်(၂၀၀၀၀)စီဖြင့် စုစုပေါင်းငွေ (၈၃၇၂၀၀၀၀)ကျပ် အား ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံသို့လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ၎င်းတို့ကျေးရွာအုပ်စုအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများထံ လက်ဝယ်အရောက်ဆက်လက်ထောက်ပံ့ပေးကြမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၉)အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း(၁၈၄၂၃)စုရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)