ကျောက်တန်း နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွါးမှု များပြားလာသည့် အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွါးမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီဝင်များ၊ ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ ပူးပေါင်းကာ အရှိန်အဟုန်မပြတ်ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာနေရာများတွင် ရောဂါကြိုတင် ကာကွယ် ရေး အသိပေး နှိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်ဝင်း၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကျောက်တန်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ကြေညာချက်များ အား ပြည်သူများသိရှိနိုင်စေရန်နှင့် ပြည်သူများအနေဖြင့် ရောဂါကာကွယ်နိုင်ရန် နေအိမ်ပြင်ပ သွားလာခြင်းအား တတ်နိုင်သ၍ ရှောင်ကျဉ်ရန်၊ မဖြစ်မနေသွားလာရ မည်ဆိုပါကပါးစပ်နှင့်နှာခေါင်းကို လုံအောင် Mask တပ်ဆင်ရန်၊ နှာချေချောင်းဆိုးတိုင်း တစ်သျှူး(သို့မဟုတ်) လက်ကိုင်ပုဝါအသုံးပြုရန်၊ အပြင်မှ ပြန်လာတိုင်း (သို့မဟုတ်)အရာဝတ္တု များကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့်(၂၀)ခန့်ကြာအောင် သေချာစွာဆေးကြောရန်၊ လူစုလူဝေးနေရာများကို လုံးဝ(လုံးဝ) မသွားကြရန်၊ ဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာချေ ချောင်းဆိုးခြင်းများ ခံစားရပါက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်သတင်းပို့ရန်နှင့် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆) ပေအကွာတွင် နေထိုင်ကြရန် စသည့် အသိပညာ ပေးခြင်းများကို ပြည်သူများ သိရှိနိုင်ရန် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်တွင် လက်ရှိ အချိန်ထိပိုးတွေ့ အတည်ပြု လူနာ(၃၇၉)ဦးရှိလာသဖြင့်ပြည်သူများအနေဖြင့်ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် အတွက် သက်ဆိုင်ရာက ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များအား အထူးအလေးထားလိုက်နာကြရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပရဟိတ အင်းအဖွဲ့များက နေ့စဉ် နံနက်ပိုင်း၊ နေ့လယ်ပိုင်းနှင့် ညပိုင်းတို့တွင် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)