သဲကုန်း နိုဝင်ဘာ ၁၃
နိုင်ငံတော်အစိုးရမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် တစ်နိုင်ငံလုံးတွင် (၂)မိုင်အတွင်းရှိ ကျေးရွာများ မီးလင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင်လည်း (၂)မိုင်အတွင်းရှိ ကျေးရွာ (၁၂၆)ရွာအား ၂၀၂၀-ပြည့်နှစ်အတွင်း မီးလင်းနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ(၆)နာရီက သဲကုန်းမြို့နယ်၊ ချောင်းကမ်းကုန်း ကျေးရွာနှင့် ပိဿပေး ကျေးရွာ(၂)ရွာတွင် မီးလင်းရေးအောင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၀င်းနှင့် သဲကုန်းမြို့ လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးဇော်ထွဋ်တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၀င်းတို့က အမှာစကား အသီးသီးပြောကြားခဲ့ပြီး သဲကုန်းမြို့ လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးဇော်ထွဋ်က NEP စီမံကိန်းဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်များအား အသိပညာပေး ပြောကြား ခဲ့ရာ ကျေးရွာမီးလင်း ရေးကော်မတီ အဖွဲ့၀င်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းအသိပညာပေး လက်ကမ်းစာစောင် များအား ဝေငှပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)