စေတုတ္တရာ နိုဝင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း၌ ကျေးလက်ဒေသ များရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာမှုအဆင်ပြေစေရန်နှင့် လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရာတွင် အဆင်ပြေ လွယ်ကူစေရန်အတွက် ကျေးလက်လမ်းများကို အရှိန်အဟုန်မြှင့် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ အလယ်ဟန်ဒေါက်-ဘူး-ပဇူ ကျေးရွာချင်းဆက်လမ်းအား လမ်းတာချဲ့၍ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အလယ်ဟန်ဒေါက်-ဘူး-ပဇူ ကျေးရွာချင်းဆက်လမ်း လမ်းအရှည် (၂)မိုင် ၃ဖာလုံ၊ အကျယ် (၁၆)ပေအား လမ်းတာချဲ့၍ မြေသား လမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်(၅၂.၅၉)သန်းဖြင့် မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (၁၅.၂.၂၀၂၀) ရက်နေ့မှ စတင်၍ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် အလယ်ဟန်ဒေါက်ကျေးရွာ၊ ဘူးကျေးရွာ၊ ပဇူကျေးရွာများမှ ဒေသခံပြည်သူများ အတွက် ရာသီမရွေးသွားလာနိုင်ပြီး လမ်းပန်ဆက်သွယ်ရေး၊ ကျန်းမာရေးနှင့် လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရာတွင် အကျိုးပြု နိုင်မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နိုင်နိုင်ရွှေက ပြောကြား သည်။
စည်သူလွင်(ပြန်/ဆက်)