မြောက်ဥက္ကလာပ နိုဝင်ဘာ ၁၃
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ များပြားလာသော်လည်း ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲများနှင့် ပြန်လည် ဖွင့်လှစ်လာသည့် လုပ်ငန်းများကြောင့် နေအိမ်ပြင်ပသို့ ထွက်ရှိမှုများပြားလာခဲ့ပြီး အပြင်သို့ထွက်ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်း Mask များတပ်ဆင်ခြင်းရှိ/မရှိနှင့် တပ်ဆင်သော်လည်း စနစ်တကျ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (၂)ရပ်ကွက်ဈေးတွင် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယုကြည်ကြည်ဦးဆောင်သော ဌာန ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ဈေးသွား၊ဈေးလာနှင့် ဈေးရောင်းချသူများ များပြားသည့် (၂)ရပ်ကွက်ဈေးတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူ (၁၇)ဦးကို ဒဏ်ငွေ(၂၀၀)ကျပ်ပေးဆာင်စေပြီး Mask တစ်ခုပြန်လည်ပေးခြင်း၊ Mask ကို အပြင်ထွက်တိုင်း မပျက်မကွက်တပ်ဆင်ရန်နှင့် မေးစေ့အောက်တွင် ချိတ်မထားရန် ပညာပေးပြောကြားခြင်း၊ Face Shield တစ်ခုတည်း မတပ်ဆင်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ပြီး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)