ထီးလင်းမြို့၌ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပေးကြေညာချက် လိုက်လံနှိုးဆော်

ထီးလင်း        နိုဝင်ဘာ        ၁၃

ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့်အညီ ပြည်သူများ၏ အသက်အိုးအိမ် ပစ္စည်းများ မီးဘေးအန္တရာယ်မှ ကြိုတင် ကာကွယ် တားဆီးနိုင်ရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပေးကြေညာချက်အား ပြည်သူများသို့ လိုက်လံနှိုးဆော် ခြင်းကို ယမန်နေ့ ညနေပိုင်းက ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးဘေးလုံခြုံရေးဆိုင်ရာ အသိပေးကြေညာချက်တွင် မိမိတို့နေအိမ် ပတ်ဝန်းကျင် အတွင်း မီးလောင်လွယ်သော အမှိုက်သရိုက်များ၊ ကောက်ရိုး၊ သက်ကယ်များ စုပုံထားခြင်း မပြုဘဲ သန့်ရှင်းရေး အမြဲတမ်း ဆောင်ရွက်ရန်၊ လျှပ်စစ်ပစ္စည်းများကို ခံနိုင်(ဝပ်)အားထက် ကျော်လွန်သုံးစွဲခြင်းမပြုဘဲ ဟောင်းနွမ်းဆွေးမြေ့နေသော ဝါယာကြိုးများနှင့် လျှပ်စစ် ပစ္စည်းများကို အသစ်လဲလှယ်သုံးစွဲရန်၊ လမ်းသွားရင်းဖြစ်စေ၊ ယာဉ်များစီးရင်းဖြစ်စေ ဆေးလိပ် သောက်ခြင်း မပြုရ၊ မီးပါသော ဆေးလိပ်များအား စွန့်ပစ်ခြင်းမပြုရ၊ နေအိမ်များအတွင်း မီးလောင်လွယ်သည့် ဓါတ်ဆီ, ဒီဇယ်ဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းမပြုရ၊ မိမိတို့ ပတ်ဝန်းကျင် အတွင်း မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်စခန်း၊ 191 ( MPT ) နှင့် ဖုန်း နံပါတ် ၀၉ - ၄၂၉၈၀၂၆၈၁ သို့ အမြန်ဆုံး အကြောင်းကြားရမည် စသည့် အချက် (၁၈)ချက်ပါ အသိပေးကြေညာချက်များကို မြို့နယ်မီးဘေးလုံခြုံရေးကော်မတီက မြို့ပေါ်ရပ်ကွက်များ အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)