ပွင့်ဖြူမြို့နယ်၌ မိုးစပါးသီးနှံစိုက်ခင်းများ စတင်ရိတ်သိမ်း ၊ တောင်သူများ ငွေအကုန်အကျ သက်သာစေရန် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကောက်ရိတ်ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းပေးလျက်ရှိ

ပွင့်ဖြူ      နိုဝင်ဘာ        ၁၃

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မိုးစပါးသီးနှံစိုက်ခင်းများ စတင်ရိတ်သိမ်းနေကြ ကြောင်း သိရကာ ထိုသို့ မိုးစပါးစိုက်ခင်းများ ရိတ်သိမ်းရာတွင် တောင်သူများ ငွေအကုန်အကျ သက်သာစေရန်နှင့် သီးနှံ အထွက်နှုန်း လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ပွင့်ဖြူမြို့၊ အမှတ်(၄၆)စက်မှုလယ်ယာစခန်းမှ ကောက်ရိတ်ခြွေလှေ့ စက်များဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများ ဝန်ဆောင်မှုပြုပေးလျက်ရှိကြောင်း သိရသည်။

စပါးကောက်ရိတ်ခြွေလှေ့စက် အသုံးပြု၍ ရိတ်သိမ်းခြွေလှေ့ပါက တောင်သူများအနေဖြင့် သီးနှံအရည်အသွေး ကောင်းမွန်စေခြင်း သီးနှံအထွက်နှုန်း လေလွင့်ဆုံးရှုံးမှုများ သက်သာခြင်း လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများ သက်သာစေခြင်း လုပ်ငန်းခွင်တွင်ကျယ်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမည် ဖြစ်ကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၀ မိုးစပါးရာသီတွင် တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ပျိုးဧက ၇၁၀၈၇ ဧက လျာထား စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရကာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် တောင်သူများ စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံများရင့်မှည့်လာပြီဖြစ်၍ တောင်သူများက ယခုလ ()ရက်နေ့မှ စတင်ကာ ရိတ်သိမ်း၍ သိမ်းဆည်းနေကြပြီဖြစ်ကြောင်း ရွှေလှေကျေးရွာမှ မိုးစပါးစိုက်ပျိုးတောင်သူများ ထံက သိရသည်။

ထိုသို့ တောင်သူများ မိုးစပါးသီးနှံစိုက်ခင်းများ ရိတ်သိမ်းရာ၌ လုပ်ငန်းအခက်အခဲမဖြစ်စေရန်နှင့် သီးနှံလေလွင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ပွင့်ဖြူမြို့၊ အမှတ်(၄၆)စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်စန်း အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အဖွဲ့ခွဲများခွဲ၍ ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာ တောင်သူ ဦးအောင်မြင့်သန်း ကွင်းအမှတ်(၈၄၁)မိုးစပါးစိုက်ခင်းအား လည်းကောင်း ထနှောင်းကုန်းကျေးရွာ တောင်သူ ဦးအေးကိုနှင့် ဦးမြတ်အေး တို့၏ ကွင်းအမှတ်(၉၆၁) မိုးစပါးစိုက်ခင်းအား လည်းကောင်း ကံသာကြီးကျေးရွာ မုန်းသီတာစိုက်ကွက် ကွင်းအမှတ်(၉၀၉) မိုးစပါးစိုက်ခင်းအား လည်းကောင်း စုစုပေါင်း စိုက်ဧက (၁၈)ဧကခန့်အား ကောက်ရိတ်စက်ဖြင့် ရိတ်သိမ်းခြွေ့လှေ့ခြင်း လုပ်ငန်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါ စပါးကောက်ရိတ်ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ပေးခြင်းကို နိုဝင်ဘာလ ()ရက်နေ့မှ (၁၂)ရက်နေ့အထိ မိုးစပါးစိုက်ဧက ၁၃၅ ဧက ခန့် တောင်သူအကျိုးပြု ရိတ်သိမ်းခြွေလှေ့ပေးနိုင်ခဲ့ ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့၊ အမှတ်(၄၆) စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်စန်း ထံက သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )