လားရှိုး နိုဝင်ဘာ ၁၃
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်မြို့သို့ သွားရောက်ကူညီတာဝန် ထမ်းဆောင်ရန် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ နေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သူနာပြု (၂၀)ဦးမှာ ယမန်နေ့ ညနေ (၅)နာရီအချိန်တွင် လားရှိုးမြို့မှ ထွက်ခွာသွားကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအား ပြုစုကုသနိုင်ရေးအတွက် ရန်ကုန်မြို့သို့ သွားရောက်ကြမည့် သူနာပြု (၂၀)ဦးကို နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ (၄)နာရီအချိန်က လားရှိုးမြို့ရှိ ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့် ၊လားရှိုးဆေးရုံအုပ်ကြီး ဒေါက်တာ ဉာဏ်မြင့် နှင့်တာဝန်ရှိသူများက ဂုဏ်ပြု အားပေးစကားများပြောကြားသည်။
ယင်းနောက် ခရီးစဉ်အတွင်း အသုံးပြုရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကမ္ဘောဇဘဏ်လီမိတက်မှ ထောက်ပံ့ကူညီသည့် ရန်ကုန်မြို့သို့ သွားရောက်သူ ကျန်းမာရေးဝန်ထမ်းများအတွက် တစ်ဦးလျှင် ကျပ်နှစ်သိန်းစီကို လည်းကောင်း၊ ပန်ဆန်းကျန်းမာရေးဌာနမှ အလှူငွေ (၅)သိန်း ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း(လားရှိုး)မှ (၂)သိန်း၊ လားရှိုးအသင်း(ရန်ကုန်)မှ ရန်ကုန်သို့သွားရောက် ကူညီခဲ့ကြသည့် ပထမအသုတ်မှ တတိယအသုတ်ထိ ကျန်းမာရေး ဝန်ထမ်းသူနာပြုများအတွက် (၁၆) သိန်း(၂)သောင်းကို လည်းကောင်း ပေးအပ်ခဲ့ကြပြီး လားရှိုးမြို့ပေါ်ရှိ စေတနာ ရှင်အလှူရှင် များ ကလည်း ထောက်ပံ့ငွေ နှင့် အခြားထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တာဝန်ထမ်းဆောင်နေကြသည့် သူနာပြုများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးအတွက် ရန်ကုန်မြို့သို့ ပထမအသုတ်အဖြစ် အောက်တိုဘာလ ၁ ရက်နေ့တွင် (၂၀)ဦး၊ ဒုတိယအသုတ်အဖြစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် (၂၁) ဦး နှင့် တတိယသုတ်အဖြစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် (၂၀) ဦး သွားရောက် ကူညီတာဝန် ထမ်းဆောင်ခဲ့ကြကြောင်း သိရသည်။
တတိယသုတ်အဖြစ် ရန်ကုန်မြို့သို့ သွားရောက်ကြမည့် သူနာပြု (၂၀)ဦးမှာ လားရှိုးပြည်သူ့ ဆေးရုံကြီးမှ (၅)ဦး၊ မူဆယ်မြို့နယ်မှ (၃)ဦး၊ နမ့်ခမ်းမြို့နယ်မှ(၃)ဦး၊ သီပေါမြို့နယ်မှ(၃)ဦး၊ ကျောက်မဲ မြို့နယ်မှ(၂)ဦး၊ နမ္မတူမြို့နယ်မှ(၂)ဦး၊ လောက်ကိုင်မြို့နယ်မှ(၂)ဦး တို့ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်းနေ (ပြည်နယ် ပြန်/ဆက်)