လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်

လေးမျက်နှာ နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် (စတုတ္တအကြိမ်) ထောက်ပံ့ငွေများအား အိမ်တိုင်ရာ ရောက်ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ()နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများကို မိမိတို့ကျေးရွာ ရောက်ရှိပါက အခြေခံလူတန်းစားများ လက်ဝယ်အရောက် အမြန်ထုတ်ပေးဆောင်ရွက်ကြရန် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လူစုလူဝေးမဖြစ်စေရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက် များနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၃၀၉၆)စု အတွက် စတုတ္တအကြိမ်အဖြစ် အိမ်ထောင်စု တစ်စုလျှင်(၂၀၀၀၀)ကျပ် (ကျပ်နှစ်သောင်းတိတိ) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၆၁၉၂၀၀၀၀)အား ရပ်ကွက်/ကျေးရွာ (၄၈)အုပ်စုမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရပ်ကွက်/ ကျေးရွာများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်သည့် အသိ ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်ရေးတို့အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အထူးကြပ်မတ် ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်ဆက်)