မြို့လှ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်

မြို့လှ   နိုဝင်ဘာ   ၁၃

ကချင်ပြည်နယ်၊  ဗန်းမော်ခရိုင်၊  မြို့လှမြို့၌ ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော် အစိုးရမှ ထောက်ပံ့ငွေများထပ်မံပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်း က မြို့ပေါ် ရပ်ကွက်များ အတွင်းရှိ မိသားစုနေအိမ်များအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုအကြိမ်ထောက်ပံ့ပေးခြင်းမှာ စတုတ္ထအကြိမ်ဖြစ်ပြီး မြို့လှမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိ သော အခြေခံလူတန်းစား အိမ်ထောင်စု(၂၆၆)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀ဝဝ)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၅၃၂၀၀၀ဝ)ကို မြို့လှမြို့ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှတစ်ဆင့် မိဘပြည်သူများ၏ လက်ဝယ်သို့ အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုသို့ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော် အစိုးရမှ ထောက်ပံ့ငွေများ ထောက်ပံ့ ပေးအပ်ရာတွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ်အတွက် မြို့လှမြို့ရပ်ကွက်()ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၂၅၀)စုအတွက်သာ ထောက်ပံ့ပေးအပ် နိုင်ခဲ့ပြီး တတိယအကြိမ်မှစ၍ အိမ်ထောင်စု(၁၆)စုအတွက် ထပ်တိုးထောက်ပံ့ ပေးအပ်နိုင်ခဲ့ပြီး အိမ်ထောင်စုပေါင်း(၂၆၆)စုကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့လှ မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရှိရသည်။

ကျော်မင်းနိုင်(ပြန်/ဆက်)