ပြည်မြို့(ဆင်မကြပ်) စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို စစ်ဆေးဆောင်ရွက်

ပြည် နိုဝင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အဝင် (ဆင်မကြပ်)လမ်းဆုံစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး စစ်ဆေးရေးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က  အဆိုင်းသုံးဆိုင်းဖြင့် နေ့/ မပြတ်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရန်ကုန်-ပြည်လမ်းမပေါ်ရှိ အဆိုပါဂိတ်တွင်  ပြည်မြို့သို့ ဝင်ထွက်သွားလာသည့် ကုန်တင် ကားကြီးများ အပါအဝင် မော်တော်ယာဉ်များကို  ယာဉ်နံပါတ်၊ ယာဉ်မောင်းအမည်၊ ဖုန်းနံပါတ်၊ ထွက်ခွာလာသည့်နေရာနှင့် သွားရောက်မည့်နေရာ တို့ကို စစ်ဆေးမေးမြန်း၍ မှတ်တမ်း ရေးသွင်းခြင်း၊ ယာဉ်ပေါ်ပါသူ အားလုံးကို သက်ဆိုင်ရာဒေသအလိုက် အုပ်ချုပ်ရေး အဖွဲ့နှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏ ခရီးသွားထောက်ခံချက်နှင့် ကျန်းမာရေး ထောက်ခံချက်များ ပါ/မပါ စစ်ဆေးခြင်း၊ တို့ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် Stay Home ထုတ်ပြန်ထားသော နယ်မြေများမှ လာရောက်ခြင်းကို လုံးဝ (လုံးဝ)မြို့တွင်းသို့ ဝင်ခွင့်မပြုကြောင်းနှင့် ယင်းကိုအထူးကြပ်မတ်စစ်ဆေး၍ ခိုးဝင်ကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ တရားစွဲဆိုအပြစ်ပေးအရေးယူခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်မြို့တွင် (ဆင်မကြပ်ဂိတ်) အပါအဝင် နဝဒေးတံတားဂိတ်၊ (တာဂွ) လမ်းဆုံဂိတ်နှင့် နဝင်း (ကင်းချောင်းတံတားဂိတ်) စသည့် ဂိတ်()ဂိတ်တို့တွင် ခရိုင်အတွင်း မြို့နယ်များနှင့် အခြားဒေသများမှ ဝင်ထွက်သွားလာခြင်းများကို အလားတူစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

မင်းမင်းစိုး(ပြန်/ဆက်)