ကျိုင်းတုံ နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိ သော အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ရခြင်း ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြရန် ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစတီဖန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ကျိုင်းတုံမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ ၃၈ အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု (၉၅၄၄) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၉၀၈၈၀၀၀၀) ကို စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများက လက်ခံရယူပြီး ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)