ကိုဗစ်ကာလ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအား စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးအပ်

ဘားအံ နိုဝင်ဘာ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စတုတ္ထအကြိမ် ကိုဗစ်ကာလ ထောက်ပံ့ကြေး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)စီကို ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ နာရီခန့် က ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းသန်းသန်းလွင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ်တို့သည် ကျောက်တစ်လုံး (ဝင်းဒရယ်) ကျေးရွာအုပ်စု၊ ဘင်ဂျီကျေးရွာအုပ်စု၊ ကော့ရင်းအောက်ကျေးရွာအုပ်စု၊ ဘားကပ်ကျေးရွာအုပ်စုနှင့် ရသေ့ပျံ ကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအား ထောက်ပံ့ငွေများသွားရောက်ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့်လွှတ်တော်ကိုယ်စာလှယ်တို့သည် ကျောက်တစ်လုံး(ဝင်းဒရယ်) ကျေးရွာအုပ်စု၊ နော်ဖားတို ကျေးရွာ၊ ရွာလည်ဓမ္မာရုံတွင် ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများနှင့် တွေ့ဆုံပြီး ကိုဗစ် ၁၉ ကာလ ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ အိမ်ထောင်စု ၃၃၈ စုအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနဲ့အဖွဲ့သည် ဘင်ဂျီကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၁၆၉ စုအား ဘင်ဂျီ ကျောင်းကြီးဓမ္မာရုံ၌ ည်းကောင်း၊ ကော့ရင်းအောက်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၂၃၉ စုအား မရင်းကုန်းကျေးရွာ မူလတန်းလွန်ကျောင်းတွင် လည်းကောင်း၊ ဘားကပ်ကျေးရွာအုပ်စုရှိ အိမ်ထောင် ၂၅၈ စု အား နတ်ကုန်းဘုန်းတော်ကြီး ကျောင်း သုခပဋိပဒါဓမ္မာရုံ၌ လည်းကောင်း၊ ရသေ့ပျံကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၁၆၈ စုအား ရသေ့ပျံတိုက်ကျောင်း ဓမ္မာရုံ၌ လည်းကောင်း အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)စီ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘားအံမြို့နယ်တစ်ခုလုံး အနေဖြင့် အိမ်ထောင်စု ၂၁၀၂၂ စု ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)